စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်လာတာနဲ့အမျှ နက်ရှိုင်းတဲ့ အတိဒုက္ခ ကြုံနေလာရချိန်မှာ ပြည်သူတချို့က နိုင်ငံတကာ အကူအညီကို တောင့်တလာကြသလို တချို့ကလဲ အားမလိုအားမရ ဖြစ်နေကြပါတယ်။ မြန်မာ့ပဋိပက္ခ ပြေလည်ရေးအတွက် နိုင်ငံတကာက ဘာလုပ်ပေးနိုင်မလဲ။ ဦးကျော်ဇံသာ,ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ဒီတပတ်တော့ နိုင်ငံတကာဖိအားတွေက မြန်မာနိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိ ထိရောက်သလဲနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးစေချင်ပါတယ် ဆရာ။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက ပိုပြီးတော့ တွန်းအားတွေပေးလာတယ်။ နောက်တခါ ပိုပြီးတော့ စိုးရိမ်တဲ့ အနေအထားတွေ ရှိလာတဲ့အချိန်မှာပဲ အာဆီယံက ကြားဝင်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ အဲဒီတော့ အာဆီယံမှာ အရင်တုန်းက ဘရူးနိုင်းနဲ့ ကမ္ဘောဒီးယားတို့ကလည်း ကြားဝင်ဖို့ ကြိုးစားခဲ့တယ်ဆိုပေမဲ့ အင်ဒိုနီးရှားက ပိုပြီးတော့ ထဲထဲဝင်ဝင် ကြိုးပမ်းလာတာကိုလည်း တွေ့ရတယ်။ အဲဒီတော့ လက်ရှိ အာဆီယံဥက္ကဋ္ဌအနေနဲ့ အရင်က အာဆီယံဥက္ကဋ္ဌတွေနဲ့ ဘယ်လိုမျိုး အာသာချက်တွေ ရှိပါသလဲ ဆရာ။
ဖြေ ။ ။ အားသာချက် အများကြီး ရှိပါတယ်။ အင်ဒိုနီးရှားက အာဆီယံထဲမှာ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်တယ်။ စီးပွားရေးအားဖြင့်ကော၊ ဒီမိုကရေစီစနစ် ခိုင်မာလာတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်တယ်။ နောက်ပြီတော့ မြန်မာနဲ့တူတာက စစ်အာဏာရှင်စနစ်ကို လူထုက ဖြုတ်ချပြီးတော့ တော်လှန်ပြောင်းလဲလာတဲ့ နိုင်ငံ ဖြစ်တယ်။ ဒါလည်း အားသာတယ်။ ဒါ့အပြင် နိုင်ငံတကာ ကမ္ဘာ့အရေးမှာလည်း အင်ဒိုနီးရှားက အရေးပါတယ်။ G20 အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ် စတာတွေနဲ့ဆိုတော့ သူတို့နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ သမ္မတ Joko Widodo အနေနဲ့လည်း သူ့ရဲ့သိက္ခာကို တင်ချင်တဲ့သဘောလည်း ရှိနေတယ်ဆိုတော့ ဆန္ဒကော၊ တကယ်လုပ်နိုင်တဲ့ အခြေအနေကော ရှိတယ်လို့ ဆိုရမှာပါ။ ယေဘုယျအားဖြင့်ပြောရင် အားသာချက်တွေပေါ့။
မေး ။ ။ ဒါပေမဲ့ ဆရာ။ အာဆီယံမှာက ရှိနေတာက ဘုံသဘောတူညီချက်လည်း ရှိတယ်။ နောက်တခုက တနိုင်ငံနဲ့ တနိုင်ငံကြားမှာ ကြားဝင်မစွက်ရေး မူဝါဒလည်း ရှိနေတယ်။ ဒါကြောင့် သိပ်ပြီတော့ ထင်သလောက် ရှေ့မတိုးနိုင်တာကိုလည်း တွေ့ရတယ် ဆရာ။ ဒီတော့ အဖွဲ့ဝင်အာဆီယံနိုင်ငံတွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေပြီတော့ ပါဝင်လာသင့်တယ်လို့ ထင်သလဲ ဆရာ။
ဖြေ ။ ။ အာဆီယံမှာ အခုချမှတ်ထားတာကတော့ ဘုံသဘောတူညီချက် (၅) ချက် 'Five-Point Consensus - 5PC' ပေါ့။ အဲဒီဘုံသဘောတူညီချက် (၅) ချက်ကိုပဲ အခိုင်အမာလုပ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ စောစောက မြသဇင် ပြောသလိုပဲ အာဆီယံမှာ ဘုံသဘောတူညီချက်၊ the Principle of Non-Interference - ဝင်ရောက်စွက်ဖက်မှု မလုပ်ရ စသည်အချက်တွေ ရှိတယ်။ ဒီဘုံသဘောတူညီချက် (၅) ချက် ရရှိခြင်းသည်ပင် အာဆီယံရဲ့ အောင်မြင်မှုတခု ဖြစ်တယ်လို့ ပြောရမယ်။ ဒီလောက်ရဖို့အတွက်ကို တော်တော်လေး ညှိယူခဲ့ရတယ်။ အဲဒီဘုံသဘောတူညီချက် (၅) ချက်ကို စစ်ကောင်စီလည်း သဘောတူညီပြီ၊ လက်ခံပြီ ဖြစ်တယ်ဆိုတော့ ဒါက တော်တော်လေး အရေးပါတဲ့အချက်ပါ။ အာဆီယံက ဒီ သဘောတူညီချက် (၅) ချက်ကိုပဲ ဆက်ပြီးတော့ တွန်းရမယ့်သဘော ရှိပါတယ်ဆိုတော့ အင်ဒိုနီးရှားက စောစောကပြောခဲ့တဲ့ အားသာချက်တွေ ရှိနေတော့ ဒီ (၅) ချက်ကို ဘယ်လိုဆက်ပြီးတော့ တွန်းနိုင်မလဲ။ သူ့ရဲ့အင်အားနဲ့ စောစောကပြောတဲ့ အားသာချက်တွေနဲ့ ဘရူးနိုင်း၊ ကမ္ဘောဒီးယားတို့ မတွန်းနိုင်ခဲ့တာကို သူ့ရဲ့အင်အားနဲ့ အားသာချက်တွေနဲ့ ဘယ်လိုဆက်ပြီး တွန်းနိုင်မလဲဆိုတာကိုပဲ သူ့ရဲ့ အဓိကကျတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲဒါကိုပဲ ကျနော်တို့ ကြည့်ရမှာပေါ့။
မေး ။ ။ ဒါဆိုရင် ကုလသမဂ္ဂရဲ့ အနေအထားက ဘယ်လိုရှိလဲ။ နောက်ပြီးတော့ ကုလသမဂ္ဂအနေနဲ့ ဘယ်လို ဖိအားတွေပေးနိုင်သလဲ။ နောက်တခုက အမေရိကန် အနောက်နိုင်ငံတွေ သူတို့ကကော ဘယ်လိုအနေအထား ရှိသလဲဆရာ။
ဖြေ ။ ။ အခု အာဆီယံဥက္ကဋ္ဌ ဖြစ်နေတဲ့ အင်ဒိုနီးရှားက မြန်မာ့အရေးကို ကိုင်တွယ်ဖို့အတွက် အထူးကိုယ်စားလှယ်ရုံးတရုံး သီးခြားဖွင့်တယ်။ နောက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးကလည်း တလောတုန်းကပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ တွေ့တယ်ဆိုတော့ ကုလသမဂ္ဂက အာဆီယံကိုပဲ အဓိကထား တွန်းနေတဲ့သဘောကို တွေ့ရတယ်။ ဆိုတော့ အာဆီယံဘက်က ပြောတာကတော့၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သူတို့ဟာ တိုးတက်မှု ရှိခဲ့တယ်။ ဘယ်နေရာမှာလည်းဆိုတော့ humanitarian စာနာမှုကူညီထောက်ပံ့မှု ပေးတဲ့နေရာမှာ အားသာချက်တွေ တွေ့ခဲ့တယ်။ အောင်မြင်မှုတွေ ရခဲ့တယ်။ ကုလသမဂ္ဂနဲ့ ညှိနှိုင်းဆောင်ရွက်လိုတယ်လို့ ပြောတယ်။ ဆိုတော့ အဓိကအားဖြင့်တော့ သူတို့က ဒါပဲတွန်းနိုင်မှာပါ။ မူ (၅) ချက်နဲ့ ပိုပြီတွန်းနိုင်မှာ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေတို့ ဘာတို့ကို ပြောရရင် များသောအားဖြင့်က အမေရိကန် ဦးဆောင်တဲ့အင်အားစုတွေကတော့ ယူကရိန်းစစ်ပွဲနဲ့ သိပ်ပြီးတော့ အလုပ်ရှုပ်နေတော့ မြန်မာ့အရေးကို သိပ်ပြီးတော့ လောလောဆယ်မှာ ဂရုမစိုက်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ သို့သော်လည်း ယူကရိန်းစစ်ပွဲကို ပြေလည်စေချင်တယ်၊ ငြိမ်းချမ်းစွာ ဖြေရှင်းစေချင်တဲ့ အနောက်နိုင်ငံတွေ အများကြီး ပေါ်ပေါက်လာပြီ။ ဥရောပသမဂ္ဂနဲ့ စပိန်နိုင်ငံ၊ ပြင်သစ်တို့က တဦးချင်းကြိုးပမ်းလာကြတာတွေကို တွေ့ရတယ်ဆိုတော့ အဲဒီအခြေအနေတွေကို ကြည့်ပြီးတော့ အဲဒီဘက်မှာ ကောက်ရင်လည်းပဲ မြန်မာနိုင်ငံအပေါ်လည်း ပိုပြီးအားဖြည့်ပြီတော့ လုပ်လာနိုင်မလားဆိုတာတွေကို ကြည့်ရမှာပေါ့။
မေး ။ ။ ဒါပေမဲ့ တဘက်မှာကြတော့ ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးမှာ ပထဝီဝင်အကျိုးစီးပွားအတွက် အသုံးချနေတယ်လို့ ယူဆတဲ့အမြင်တွေလည်း ရှိနေတယ် ဆရာ။ အဲဒီလိုပြောမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ နီးနီးစပ်စပ် ဆက်ဆံနေတဲ့ တရုတ်နိုင်ငံအနေနဲ့ ဒီအရေးမှာ သူက ဦးဆောင်ပြီးတော့ ပါဝင်ဆွေးနွေးလာနိုင်တာ၊ ကြားဝင်စေ့စပ်ဖို့ ကြိုးစားလာနိုင်တဲ့ အနေအထားမျိုး ရှိပါသလား။ အဲဒီလိုရှိတယ်ဆိုရင်ကော မြန်မာပြည်သူတွေဘက်က လက်ခံပါ့မလား ဆရာ။
ဖြေ ။ ။ ဘယ်နိုင်ငံမဆို မြန်မာ့အိမ်နီးချင်းသာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ နိုင်ငံတိုင်းဟာ ဘာလုပ်လုပ် သူတို့နိုင်ငံရဲ့ အမျိုးသားရေး အကျိုးစီးပွားလို့ ခေါ်တာပေါ့။ သူတို့နိုင်ငံ အကျိုးစီးပွား ဘယ်လိုရရှိမလဲဆိုတာကို အဓိကထားပြီး၊ တွက်ပြီးတော့ လုပ်ကြတာပါ။ သူများကို စေတနာသက်သက်နဲ့ လုပ်ပေးမယ်ဆိုတာတော့ မရှိပါဘူး။ မြန်မာ့အိမ်နီးချင်းတွေလည်း ဒီအတိုင်းပါပဲ။ အထူးသဖြင့် အိန္ဒိယ - the biggest democracy in the world လို့ ကြွေးကြော်နေပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပစ်ပယ်ခံနေရတယ်၊ ချိုးနှိမ်ခံနေရတယ်ဆိုတာကို ဘာမှဝင်မပြောဘူး။ သူတို့အကျိုးစီးပွားအတွက် တွက်ကြတယ်။ ငါတို့အတွက် ဘယ်လိုဖြစ်မလဲဆိုတာကို တွက်ကြတယ်။ ထိုင်းလည်းပဲ အဲဒီအတိုင်းပဲ။ အိမ်နီးချင်းနိုင်ငံအားလုံးပါပဲ။ အာဆီယံလည်း မြန်မာနိုင်ငံကို စေတနာ ရှိတာထက်၊ အာဆီယံ လုပ်နေပြီးတော့ မြန်မာ့အရေးကို မလုပ်နိုင်ဘူးလားဆိုတဲ့ အပြောခံရမယ့် သူတို့အကျိုးစီးပွား ထိခိုက်မှာစိုးလို့ ဝင်ပြောနေတာ ဖြစ်တယ်လို့လည်း ပြောတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြဿနာက အာဆီယဒေသတခုလုံးကို လွှမ်းခြုံလာနိုင်လို့ ဒါကို ကာကွယ်ချင်လို့ လုပ်တယ်ဆိုတော့ အားလုံးက သူတို့အကျိုးစီးပွားအတွက်ပါပဲ။
တရုတ်ကလည်း သူတို့အကျိုးစီးပွားအတွက် လုပ်တယ်ဆိုတာ သေချာပါတယ်။ တရုတ်ရဲ့ အကျိုးစီးပွားက အကြီးကျယ်ဆုံးပေါ့။ မြန်မာနိုင်ငံမှာ သူတို့ရဲ့ interests တွေက အများကြီးပါ။ Strategic interest မဟာဗျူဟာအရကော၊ စီးပွားရေးအရကော အိန္ဒိယသမုဒ္ဒရာကို ထွက်ချင်တယ်ဆိုတော့ ဒီဟာတွေအတွက် အဓိကထားလုပ်နေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဘယ်အတွက်ပဲလုပ်လုပ် တိုင်းပြည်ကောင်းဖို့အတွက် လက်ခံရမှာပဲ။ မြန်မာပြည်သူတွေ သဘောထားကို မေးရင် - မင်းတို့ အကျိုးစီးပွားပါလို့ လုပ်တယ်၊ ငါတို့အတွက် နည်းတယ်ဆိုပြီး တွက်နေလို့ မရဘူး။ ကိုယ့်အတွက် အကျိုးစီးပွားလည်း ရှိနေတယ်ဆိုရင် Win-Win Situation ပေါ့။ နှစ်ဘက်စလုံး အကျိုးစီးပွားဖြစ်တာကို လုပ်တာပဲ သူတို့အကျိုးစီးပွားလုပ်လို့ မြန်မာပြည် နစ်နာသွားမယ်ဆိုရင်တော့ ကန့်ကွက်ရမှာပေါ့။ နှစ်ဘက်စလုံး အကျိုးရှိမယ်ဆိုရင်တော့ ကန့်ကွက်စရာ မရှိဘူးလို့ ကျနော် ထင်ပါတယ်။
မေး ။ ။ ဒဏ်ခတ်ပိတ်စို့မှုတွေ ဆက်တိုက်ချလာတာကိုလည်း တွေ့ရတယ်။ ဒီလိုဒဏ်ခတ်ပိတ်စို့မှုတွေက မြန်မာ့အကျပ်အတည်းကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မယ်လို့ ထင်ပါသလား။ ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ လုပ်ဆောင်ချက်မျိုး ရှိမယ်လို့ကော ထင်ပါသလား။
ဖြေ ။ ။ Sanction - ဒဏ်ခတ်ပိတ်စို့မှုက မထိရောက်ဘူးဆိုပြီးတော့ ပညာရှင်တော်တော်များများက အစကတည်းက သုံးသပ်ခဲ့ကြတာလည်း ရှိပါတယ်။ ဒဏ်ခတ်ပိတ်စို့မှုကြောင့် ဘာပြောင်းလဲခဲ့သလဲ။ ပညာရှင်တချို့ရဲ့အမြင်။ တချို့ကတော့ sanction ပိုပေးလေ ကောင်းလေဆိုပြီး တွက်ကြတယ်။ နှစ်ဘက်အမြင်တွေတော့ ရှိကြတယ်။ ဒါပေမဲ့ ကျနော် စဉ်းစားကြည့်တာတော့ ဒဏ်ခတ်ပိတ်စို့မှု ပေးပေမဲ့လည်း တဘက်က ပိတ်စို့မှုကို မြန်မာ့စစ်အာဏာရှင် တက်လာကတည်းက ဘယ်လောက်အထိ ခုခံပြီးတော့ နေနိုင်ခဲ့ပြီပဲ။ ဗမာစစ်တပ်ရဲ့ mentality ခေါ်မှာပေါ့ နိုင်ငံခြားအကူအညီ မလိုဘူး၊ ငါတို့ ဖားငါး၊ သားငါး ရှာစားရင် ရတယ်ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ကြွေးကြော်ခဲ့ကြတာ။ အခုဆိုရင် ပိုဆိုးတာပေါ့။ အနောက်နိုင်ငံတွေက sanction ပေးရင်၊ ရုရှားကပေးမယ်၊ အိမ်နီးချင်းနိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် မလွှဲမရှောင်သာ ပေးရတာ ရှိတယ်။ တရုတ်က ပေးမယ်ဆိုတော့ sanction က သိပ်ပြီးတော့ ထိရောက်တယ်လို့ မထင်ပါဘူး။ တချို့ကတော့ အမေရိကန်က Burma Act အရ ပိုပြီးတော့ ဖိဖိစီးစီးလုပ်ပြီး sanction ပိုပေးမယ်၊ စာနာမှုအထောက်အပံ့ ပိုပေးမယ်ဆိုတာတော့ပါတယ်။ သို့သော်လည်း တချို့က ဒါနဲ့မရဘူး၊ sanction နဲ့တော့ မရဘူး၊ တကယ့်တိုက်ခိုက်ရေးအတွက် အသုံးဝင်တဲ့ လက်နက်ပစ္စည်းတွေပေးရင် ဖြစ်မယ်ဆိုပြီးတော့ တောင်းဆိုတဲ့လူတွေလည်း ရှိပါတယ်။ sanction ကတော့ သာမန်အားဖြင့်တော့ သိပ်ပြီးတော့ မထိရောက်ပါဘူး။ ပြည်သူလူထုတောင် နစ်နာတယ်လို့ တချို့ကပြောကြသေးတယ်။ အဲဒီလို အယူအဆတွေ ရှိကြပါတယ်။
မေး ။ ။ ပိုပြီးတော့ ထိရောက်နိုင်မယ့် နည်းလမ်းမျိုးဆိုရင် ဘယ်လိုမျိုး ရှိနိုင်မလဲ။
ဖြေ ။ ။ နိုင်ငံတကာအကူအညီက ဘယ်လောက်ထိရောက်နိုင်မလဲ။ တကယ်တော့ အဓိကတော့ ပြည်တွင်းစစ်ဒဏ် ပြဿနာကို ခံနေရတဲ့ ပြည်သူတွေက သိပ်နစ်နာတယ်။ သိပ်သနားဖို့ကောင်းတယ်။ ကလေးတွေ၊ ပညာရေး - အခုဆိုရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမယ့်သူတောင် အင်မတန်မှ နည်းပါးသွားခဲ့ပြီ။ စာမှ သင်ချင်ကြသေးလား စသဖြင့် အစစအရာရာ နစ်နာတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး - သူတို့တွေဘဝ သက်သာဖို့ လိုပါတယ်။ သူတို့အတွက်တော့ ပေးနိုင်သမျှပေးကြပါလို့ ကျနော်ကတော့ အဲဒါကို အဓိကမျှော်လင့်တယ်။ ဒါပေမဲ့လည်း sanction ကြောင့် ပဋိပက္ခရဲ့ အသွင်အပြင် ပြောင်းလဲသွားလိမ့်မယ်။ ဒီဘက်နိုင်လာလိမ့်မယ်လို့တော့ ကျနော်က မယုံကြည်ဘူး။ အချို့ကတော့ ဒါကို မျှော်လင့်ကြတယ်။
မေး ။ ။ အဲဒီတော့ ဒီမှာက ငြိမ်းချမ်းရေးတိုင်းက ပဋိပက္ခနဲ့ ကင်းတယ်လို့တော့ မဆိုနိုင်ပါဘူး။ အဲဒီတော့ အဓိကကျတာကတော့ ပြဿနာတခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်သလဲဆိုတဲ့ အချက်က အဓိကကျတယ်လို့ ထင်ပါတယ်။ အခု နိုင်ငံတကာက ဖိအားတွေပေးနေတဲ့နေရာမှာ မြန်မာနိုင်ငံရေး အကျပ်အတည်းပေါ်မှာ ဘယ်လောက်အထိ ထိရောက်မှု ရှိနေတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အခုနပြောတဲ့ မေးခွန်းနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဘယ်လောက်ပဲ ဖိအားပေးလို့ကတော့ သိပ်ပြီးတော့ မထိရောက်လှပါဘူး။ ဖိအားလည်းပဲ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် မရဘူး။ ဖိအားအပြင်းထန်ဆုံး ပေးနိုင်တာက ကုလသမဂ္ဂ ရှိတယ်။ ကုလသမဂ္ဂမှာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်လိုတယ်။ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်တွေက ဗီတိုအာဏာ ရှိတယ်ဆိုတော့ တရုတ်၊ ရုရှားတို့ ရှိနေသမျှကာလပတ်လုံး သူတို့က ပယ်ချနေရင် ဘာမှမထိရောက်ဘူး။ မြန်မာနိုင်ငံကို arms embargo လုပ်မယ်၊ ကန့်သတ်မယ်၊ ပိတ်စို့မယ်ဆိုတာကို သူတို့ လက်မခံကြဘူး။ ဒါနဲ့ ပြင်းထန်တဲ့ ဖိအားလည်း မရဘူး။ နောက်ပြီးတော့ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေက non-binding ဒါကို မဖြစ်မနေ လိုက်နာရမယ်ဆိုတာလည်း မဟုတ်ဘူးဆိုတော့ တော်တော်ခက်ပါတယ်။ ကျနော် မှတ်မိတယ် - ကုလသမဂ္ဂမှာ ဦးသန့် အတွင်းရေးမှူးချုပ် နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီးတော့ အငြိမ်းစာယူတဲ့အခါကြတော့ ကမ္ဘာငြိမ်းချမ်းရေး ပြဿနာပေါင်းမြောက်မြားစွာကို သူ ကြုံခဲ့ရတယ်။ အဲဒီအထဲမှာ မဖြေရှင်းနိုင်၊ မကိုင်တွယ်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အားမလိုအားမရ ပြောခဲ့တာက "Only the wearer knows where the shoe bites" - ဗမာလိုပြောရင်တော့ "ကိုယ်ဝမ်းနာ ကိုယ်သာသိ" ... ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လုပ်ခဲ့တာ စာရေးကြီးသာသာပဲ သိပ်ပြီးတော့ ဆုံးဖြတ်မလုပ်နိုင်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ အခုလည်း António Guterres ပြောနေတာပဲ ထပ်ခါတလဲလဲ မကြာခဏပြောတယ်။ ဒါပေမဲ့လဲ လုပ်ပိုင်ခွင့်က မရှိတာဆိုတော့ ကုလသမဂ္ဂကလည်း တကယ်တမ်း မထိရောက်နိုင်ဘူး။ ဖိအားထက် အကောင်းဆုံးကတော့ နှစ်ဘက်နားလည်မှုရပြီးတော့ ညှိနှိုင်းနိုင်မယ့်ဖိအားတခုပဲ ပေးရမယ်။ ဖိအားလည်း ပေးရမယ်၊ တွန်းအားလည်း ပေးရမယ်၊ ဆွဲဆောင်မှုလည်း ရှိရမယ်။ အဲဒီလိုပုံစံမျိုးနဲ့ နှစ်ဘက်ပြောလာမယ့် အခြေအနေက အရေးကြီးပါတယ်။ သို့ပေမဲ့ ခက်နေတာက ဗမာစစ်ကောင်စီခေါင်းထဲမှာ ဒီဟာကို မရှိဘူး။ သူတို့နိုင်မယ်၊ သူတို့ဖြုတ်နိုင်မယ်ဆိုတဲ့ ခံယူချက် mentality နဲ့ပဲ လုပ်နေတယ်။
မေး ။ ။ အဲဒါကိုလည်း မေးချင်တာပါ။ တဘက်နဲ့တဘက် ညှိနှိုင်းနိုင်ဖို့ တွန်းအားပေးရမယ်ဆိုတဲ့ ဆရာပြောတဲ့အချက် အဲဒါဆိုရင် တဘက်နဲ့တဘက်ကြားမှာ ပြေလည်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ဖို့ဆိုတဲ့ သဘောထားအမြင်ကော ရှိပါသလား။
ဖြေ ။ ။ အဲဒါလိုတာပေါ့။ ကျနော်ထင်တယ် ဒီမိုကရေစီဘက်ကတော့ NLD, NUG သူတို့ကတော့ ဒီမိုကရေစီကို ယုံကြည်ပြီး၊ ဒီမိုကရေစီသဘောက မတူကွဲပြားတာတွေကို ညှိနှိုင်းတဲ့သဘောပဲ။ အမြဲတမ်း ညှိနှိုင်းရတယ်။ တဘက်ကတော့ စစ်ကောင်စီ။ စစ်တပ်ဆိုတာ ဒီမိုကရေစီ မရှိဘူး။ လုပ်ကွာဆိုရင် လုပ်ရပြီး၊ သူတို့ပြောတာ မလုပ်လို့ ဖမ်းတာ၊ အရေးယူတာတွေကို တွေ့ရတယ်ဆိုတော့ စစ်တပ်ရဲ့ သဘောထား attitude နဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ သဘောထား attitude က ဘယ်တော့မှ မတူဘူး။ ဒီမိုကရေစီ - ဒီမိုကရေစီ အချင်းချင်းဆိုရင်တော့ ဖြေရှင်းလို့ရတယ်။ အဲဒါကြောင့် ဒီမိုကရေစီမှာ ဆောင်ပုဒ် ရှိတယ် - Democracies never go to war - ဒီမိုကရေစီအချင်းချင်း ဘယ်တော့မှ စစ်မတိုက်ဘူး။ ဒီမိုကရေစီနည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာကို သိပြီးတော့ အဲဒီအတိုင်း လုပ်ကြတယ်။ အာဏာရှင်နိုင်ငံနဲ့ ဒီမိုကရေစီနိုင်ငံဆိုရင်တော့ ဖြစ်ကြပြီ။ အာဏာရှင်နိုင်ငံကတော့ မလိုချင်ဘူး။ သူတို့အင်အားနဲ့ပဲ လုပ်မယ်ဆိုတော့၊ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခက အဲဒီအတိုင်း ဖြစ်နေတယ်။ အာဏာရှင်က အင်အားလက်နက် အားကိုးနဲ့ လူထုသဘောထားနဲ့ ညှိနှိုင်းလိုတဲ့အဖွဲ့အစည်းဆိုတော့ ကျနော်ထင်တယ် အတော်လေး ခက်ရာခက်ဆစ် ညှိရမယ့်ကိစ္စ ဖြစ်တယ်လို့ ထင်ပါတယ်။
မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
==== Unicode =====