သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဆန္ဒခံယူဖို့ အီရန်အကြီးအကဲ ပယ်ချမှု အီရန်ပြည်သူတွေဝေဖန်


Iran's Supreme Leader Ayatollah Ali Khamenei speaks in Tehran, Iran, April 18, 2023. (Office of the Iranian Supreme Leader/WANA via Reuters)
Iran's Supreme Leader Ayatollah Ali Khamenei speaks in Tehran, Iran, April 18, 2023. (Office of the Iranian Supreme Leader/WANA via Reuters)

လူထုဆန္ဒခံယူဖို့ အီရန်အကြီးအကဲ ပယ်ချမှု အီရန်ပြည်သူတွေဝေဖန် ( ဧပြီ ၂၀၊ ၂၀၂၃ - ဗွီအိုအေ၊ မြန်မာ )

အီရန်နိုင်ငံမှာ နိုင်ငံ့မူဝါဒတွေအပေါ် လူထုဆန္ဒခံယူပွဲတွေ ကျင်းပဖို့ ငြင်းဆန်ပယ်ချခဲ့လို့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို အီရန်နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။ အစ္စလာမ္မစ် နိုင်ငံထူထောင်တာ ၄၄ နှစ် ကြာခဲ့ပေမယ့် ခေါင်းဆောင်တွေရဲ့ သဘောထားတွေက မပြောင်းလဲသေးဘူးလို့ ပြစ်တင် နေကြတာပါ။

အီရန်ဟာ မနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပြီး သမ္မတဟောင်း ဟက်ဆန်ရိုဟာနီက ပြည်တွင်းနဲ့ ပြည်ပရေးရာ မူဝါဒတွေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပဖို့ အကြံပြုခဲ့ပါတယ်။ ဒါကို အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ သြဇာအရှိဆုံး ဘာသာရေးခေါင်းဆောင်က ပယ်ချခဲ့တာပါ။ အယာတိုလာအလီ ခါမေနီက ဆန္ဒခံယူပွဲကျင်းပတာ ဆန့်ကျင်ကြောင်း ပြောရာမှာ “လူတိုင်းဟာ ဆန္ဒခံယူရမယ့် ကိစ္စရပ်တွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်စွမ်း မရှိဘူး” လို့ အကြောင်းပြခဲ့ပါတယ်။

ခါမေနီရဲ့ တူတော်စပ်သူ ဖြစ်ပေမယ့် အစ္စလာမ္မစ်သမ္မတနိုင်ငံကို ဆန့်ကျင်သူ မာမု မိုရာဒ်ခါနီ ကတော့ ဗုဒ္ဓဟူးနေ့က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားရာမှာတော့ "ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေဆိုတာက ရလဒ်ကို သူ ကြိုတင်ဆုံးဖြတ်နိုင်မှသာ အလီခါမေနီအတွက် အဓိပ္ပာယ်ရှိကြောင်း” ရေးထားပြီး ၊ အလီခါမေနီက “စိတ်ကြိုက် ရာထူး ခန့်အပ်တာမျိုးကိုပဲ လိုလားပါတယ်။ လူအများဆန္ဒခံယူရတဲ့ ရွေးကောက်ပွဲ ဆိုတာမျိုးကို ဘယ်တော့မှ လက်မခံဘူး” လို့ ဆိုပါတယ်။

အီရန်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို ဘာသာရေး ခေါင်းဆောင်တွေပါတဲ့ ဥသျှောင်အဖွဲ့က ကြီးကြပ်ရတာပါ။ အီရန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်ရဲ့ သုံးပုံနှစ်ပုံက ထောက်ခံပြီး အဖွဲ့ဝင် ၁၂ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအဖွဲ့က အတည်ပြုမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG