သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဗက်လူမျိုးတွေကို တရုတ်အစိုးရအတင်းအကျပ်သင်တန်းပေးဟု ကုလသတိပေး


FILE - In this file image from undated video footage run by China's CCTV via AP Video, trainees work in a garment factory at the Hotan Vocational Education (CCTV via AP Video, File)
FILE - In this file image from undated video footage run by China's CCTV via AP Video, trainees work in a garment factory at the Hotan Vocational Education (CCTV via AP Video, File)

တရုတ်အစိုးရက တိဗက်လူမျိုး သိန်းနဲ့ချီကို အတင်းအကျပ် သင်တန်းနဲ့ အစီအစဉ်တွေမှာ ပါဝင်ဖို့ ဖိအားပေးနေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ တိဗက်တွေရဲ့ ယဉ်ကျေးမှုလက္ခဏာကို ခြိမ်းခြောက်ပြီး အဓမ္မ လုပ်အားပေး စေခိုင်းတာမြောက်တယ်လို့ ဆိုပါတယ်။

သက်မွေးဝမ်းကျောင်းသင်တန်းနဲ့ အလုပ်သမား အပြောင်းအရွှေ့ အစီအစဉ်လို့ အမည်ခံထားတဲ့ အစီအမံတွေက တိဗက်လူမျိုးတွေရဲ့ ဘာသာရေး၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာတွေကို ထိခိုက်စေပြီး တိဗက်လူမျိုးတွေကို စောင့်ကြည့်ဖို့နဲ့ ဦးနှောက်ဆေး ဝါဒမှိုင်းတိုက်ဖို့ အကြောင်းပြချက်တွေပဲလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် (၆)ဦးက ထုတ်ဖော် ပြောဆိုလိုက်တာပါ။

ဒီ အစီအစဉ်မှာ ပါဝင်ရတဲ့ တိဗက်လူမျိုးတွေဟာ တိဗက်ဘာသာစကား မပြောရသလို သူတို့ရဲ့ ဘာသာရေး ယုံကြည်ချက်နဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြသ လုပ်ဆောင်တာမျိုးတွေ မလုပ်ရဘူး ဆိုပါတယ်။

"၂၀၁၅ ခုနှစ်က စတင်ပြီး တိဘက်လူမျိုး သိန်းချီဟာ သူတို့ရဲ့ မိရိုးဖလာ ကျေးလက် လူမှုဘဝတွေကနေ ကျွမ်းကျင်မှုနည်း၊ လစာနည်းတဲ့ အလုပ်အကိုင်တွေကို 'ပြောင်းရွှေ့' ခံခဲ့ရကြောင်း ပြောပါတယ်။ ဒါကို သူတို့ ‘ဆန္ဒ သဘောထား အလျောက်’ ပြောင်းရွှေ့တာဆိုပြီး တရုတ် အာဏာပိုင်တွေက ခေါင်းစဉ်တပ်ပေမယ့် လက်တွေ့မှာတော့ အတင်းအကျပ် ခိုင်းစေတာ ဖြစ်နေတယ်” လို့ ကုလသမဂ္ဂက ပြောပါတယ်။

တိဗက်လူမျိုးတွေအနေနဲ့ ဒီအစီအစဉ်တွေမှာ ဆန္ဒ အလျောက် မပါဝင်ချင်ရင် ဘယ်လို လုပ်ဆောင်နိုင်ကြောင်း ရှင်းလင်းဖို့နဲ့ ပါဝင်သူတွေရဲ့ အလုပ်အကိုင်နေရာသစ်တွေက လုပ်ငန်းခွင်အခြေအနေတွေကို စစ်ဆေးပေးဖို့ တရုတ်အစိုးရကိုလည်း တိုက်တွန်းထားပါတယ်။

လုပ်သားအပြောင်းအရွှေ့အစီအစဉ်ကို အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ ကွန်ရက် တခုက ပံ့ပိုးပေးတာပါ။ အဲဒီမှာ “အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို အလေးထား သင်ကြားပေးတာ နည်းပြီး စစ်သင်တန်းပေးသလို တင်းကျပ်တဲ့ စည်းကမ်းတွေ အောက်မှာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး အယူဝါဒဆိုင်ရာတွေကို ပိုအာရုံစိုက်” ဆောင်ရွက်ကြောင်း ကုလ အထူးကိုယ်စားလှယ်တွေက ပြောပါတယ်။

အခု ကြေညာချက်ကို ခေတ်ပြိုင် ကြေးကျွန်ပြုမှု၊ လူကုန်ကူးမှု၊ ခေတ်သစ်မျိုးရေးခွဲခြားမှု၊ ယဉ်ကျေးမှုအခွင့်အရေး၊ လူနည်းစုအရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေက ပါဝင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။

ဒီအထူးကိုယ်စားလှယ်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တာဝန်ပေးအပ်ထားပေမယ့် သူတို့ဟာ ကုလသမဂ္ဂရဲ့ ဝန်ထမ်းတွေ မဟုတ်ဘဲ သီးခြားရပ်တည်တဲ့ လွတ်လပ်တဲ့ပညာရှင် ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။

တိဗက်ကို ၁၉၅၁ ခုနှစ်ကတည်း တရုတ်က သိမ်းပိုက်ထားတာပါ။ အရင်က မဖွံ့ဖြိုးသေးတဲ့ ဒေသကို အခြေခံအဆောက်အအုံနဲ့ ခေတ်ပညာရေးတွေ ယူဆောင်ပေးခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပေမယ့် ပြည်ပရောက် တိဗက်အများစုကတော့ တရုတ် အာဏာရကွန်မြူနစ်ပါတီက တိဗက်မှာ ဖိနှိပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်နေပြီး တိဗက် ယဉ်ကျေးမှုကို ဖျက်ဆီးပစ်နေတယ်လို့ စွပ်စွဲကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ကုလသမဂ္ဂ ကျွမ်းကျင်သူ ၃ ဦးက တိဗက်ကလေးငယ် တသန်း ဝန်းကျင်ဟာ မိသားစုနဲ့ ကွဲကွာပြီး တရုတ် ဘော်ဒါကျောင်းတွေကို အတင်းအကျပ် ပို့ဆောင်ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီလို စာသင်ကျောင်း ပညာရေးစနစ်ကနေ တိဗက်လူမျိုးတွေကို ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ဘာသာစကားအရ မှိုင်းတိုက်နေတယ်လို့လည်း စွပ်စွဲခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG