သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး တိုးတက်လာကြောင်း တရုတ်အစိုးရ သတင်းထုတ်ပြန်


တရုတ်ပြည် ဂွန်ဒေါင်းပြည်နယ် ကွမ်ကျိုးမြို့မှာကျင်းပတဲ့ Canton Fair လို့ လူသိများတဲ့ တရုတ်သွင်းကုန် ထုတ်ကုန်ပြပွဲအတွင်း လျှပ်စစ်ဖိုအရောင်းဆိုင်တခုကိုတွေ့ရစဉ် (ဧပြီ ၁၆၊ ၂၀၂၃)
တရုတ်ပြည် ဂွန်ဒေါင်းပြည်နယ် ကွမ်ကျိုးမြို့မှာကျင်းပတဲ့ Canton Fair လို့ လူသိများတဲ့ တရုတ်သွင်းကုန် ထုတ်ကုန်ပြပွဲအတွင်း လျှပ်စစ်ဖိုအရောင်းဆိုင်တခုကိုတွေ့ရစဉ် (ဧပြီ ၁၆၊ ၂၀၂၃)

တရုတ်နိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး GDP ဟာ ဒီနှစ် ပထမ ၃ လပတ်အတွင်း ၄.၅ % တိုးလာတယ်လို့ တရုတ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ခုလို စီးပွားရေး အားကောင်းလာခဲ့တာဟာ COVID-19 ရောဂါ ထိန်းချုပ်ရာမှာ တင်းတင်းကျပ်ကျပ် ချမှတ် ကိုင်တွယ်ခဲ့တဲ့ “Zero-COVID” ကိုဗစ် လုံးဝကင်းစင်ရေးမူကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှုအားနဲ့ လက်လီ ရောင်းအားတွေ တက်လာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးမှု ဒုတိယ အင်အားအကြီးဆုံး နိုင်ငံဖြစ်တဲ့ တရုတ် ရဲ့ ဒီနှစ် ဇန်နဝါရီလ ကနေ မတ်လအထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ခုလိုကာလနဲ့ နှိုင်းယှဉ်ရင် ၂.၉ % တိုးတက်ခဲ့တယ် လို့ ဒီကနေ့ ထုတ်ပြန်တဲ့ တရုတ်အစိုးရရဲ့ စာရင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေ ဖယ်ရှားခဲ့ပြီးတဲ့နောက် စားသောက်ဆိုင်တွေနဲ့ အရောင်းစင်တာကြီးတွေမှာ လူတွေ ပြန်လည် စည်ကားလာခဲ့ပြီး ဝယ်ယူ စားသုံးမှုအား ပြန်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် မတ်လအတွင်း ကုန်ပစ္စည်း လက်လီရောင်းအားဟာ အရင်နှစ် မတ်လနဲ့ နှိုှုင်းယှဉ်ရင် ၁၀.၆ % ပိုများပြီး ဒီနှစ် ပထမ ၂ လနဲ့ နှိုင်းယှဉ်ရင်လည်း ၇.၁ % ရောင်းအား တက်လာခဲ့တယ်လို့ ဖော်ပြပါတယ်။ သံသတ္ထုနဲ့ တခြား စက်မှုကုန်ပစ္စည်းတွေ ထုတ်လုပ်မှုပိုင်းကို ကြည့်ရင်လည်း ပြီးခဲ့တဲ့နှစ် မတ်လ အတွင်း ထုတ်လုပ်မှုထက် ဒီနှစ်မှာ ၃.၉ % တိုးလာပါတယ်။ အခြေခံ အဆောက်အအုံနဲ့ စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ် ပထမ ၃ လအတွင်း ၅.၁ % တိုးလာပါတယ်။

တရုတ်နိုင်ငံရဲ့ ဒီနှစ် စီးပွားရေး ၅ % အထိ တိုးလာဖို့ ရည်မှန်းထားတဲ့အကြောင်းကို တရုတ်အစိုးရက ဒီနှစ်အစောပိုင်းကတည်းက ပြောဆိုထားတာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်တဲ့အနေနဲ့ အသွားအလာ ပိတ်ဆို့တာ၊ လူတွေ နေအိမ်တွေထဲမှာပဲ နေကြဖို့ ကန့်သတ်တာတွေကို တခါတရံ သီတင်းပတ်တွေနဲ့ချီ ချမှတ်ဆောင်ရွက်ခဲ့ရတာတွေကြောင့် တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၃ % အထိ ကျဆင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG