သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်-အမေရိကန် အခြေစိုက်စခန်းသဘောတူညီချက် တရုတ်ကန့်ကွက်


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဆိပ်ကမ်းသို့ အလည်အပတ်ရောက်ရှိစဉ် USS America (LHA 6) စစ်သင်္ဘောရဲ့ လေယာဉ်ဆင်းသက်ရာ ကုန်ပတ်မှာတွေ့ရတဲ့ အမေရိကန် မရိန်းတပ်သားများ (မတ်လ ၂၁ ရက်၊ ၂၀၂၃)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဆိပ်ကမ်းသို့ အလည်အပတ်ရောက်ရှိစဉ် USS America (LHA 6) စစ်သင်္ဘောရဲ့ လေယာဉ်ဆင်းသက်ရာ ကုန်ပတ်မှာတွေ့ရတဲ့ အမေရိကန် မရိန်းတပ်သားများ (မတ်လ ၂၁ ရက်၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်နိုင်ငံက ဒီကနေ့ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်စစ်စခန်းတွေတိုးချဲ့ အခြေချဖို့သဘောတူညီချက်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က ခုလို ပြောဆိုလိုက်တာပါ။

အမေရိကန်ဟာ အနိုင်ရဖို့အတွက်ပဲ တကိုယ်ကောင်းဆန်ဆန် စဉ်းစားလေ့ရှိပြီး ဒေသတွင်းမှာ စစ်အင်အား အားကောင်းအောင်ဆက်ပြီးဆောင်ရွက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ပြောပါတယ်။ ဒီလိုဆောင်ရွက်တာကြောင့် စစ်ရေးတင်းမာမှုတွေပိုကြီးထွားလာနိုင်ကြောင်းလည်း သူက သတိပေးပြောဆိုပါတယ်။ ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း သင့်တော်တာကို လုပ်ဆောင်ဖို့နဲ့ ကိုယ့်နိုင်ငံအတွက်ရော ဒေသအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိတာတွေကို အလေးအနက်စဉ်းစားလုပ်ဆောင်ဖို့လည်း Mao Ning က ပြောပါတယ်။

အမေရိကန်တပ်တွေ ထပ်ပြီးစခန်းချနေထိုင်မယ့် နေရာ ၄ ခုကို ဖိလစ်ပိုင်က တနင်္လာနေ့မှာ ကြေညာခဲ့ပြီး တခုက အပြင်းအထန်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အနီးတဝိုက်မှာဖြစ်သလို နောက်ထပ် စခန်းတခုကတော့ ထိုင်ဝမ်နဲ့ သိတ်မဝေးလှတဲ့နေရာမှာပါ။ တရုတ်နိုင်ငံဟာ သူတို့ပိုင်တယ်လို့ ပြောနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် ဖိအားပေး အကြပ်ကိုင်တာတွေတိုးလုပ်လာသလို တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်စခန်းတွေတိုးချဲ့ တည်ဆောက်လာနေတဲ့ အချိန်မှာပဲ ကာလကြာရှည် လက်တွဲဆောင်ရွက်လာတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား အထူးသဖြင့် မဟာဗျူဟာကျတဲ့ နယ်မြေအတွင်း အခုလို ပိုပြီး ပူးပေါင်းဆောင်ရွက်လာတာပါ။

၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ EDCA ကာကွယ်ရေး အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်အရ အမေရိတပ်တွေဟာ ဖိလစ်ပိုင်စစ်စခန်း ၅ ခုမှာ အခြေစိုက်ခွင့်ရှိပြီး နောက်ပိုင်းမှာ စစ်စခန်း ၉ ခုထိ အခြေစိုက်ခွင့်ရထားပါတယ်။

XS
SM
MD
LG