သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ စံနှုန်းတွေ ထိခိုက်ဖို့ကြုံနေဟု တောင်ကိုရီယားသမ္မတ သတိပေး


South Korea's President Yoon Suk Yeol addresses a joint meeting of Congress, Thursday, April 27, 2023, in Washington. (AP Photo/Alex Brandon)
South Korea's President Yoon Suk Yeol addresses a joint meeting of Congress, Thursday, April 27, 2023, in Washington. (AP Photo/Alex Brandon)

အမေရိကန်နိုင်ငံကို ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား မိတ်ဆွေဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သက်တမ်း အနှစ် ၇၀ ရှိလာတာအတွက် အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ချီးကြူးဂုဏ်ပြုလိုက်ပါတယ်။

၂ နိုင်ငံ မဟာမိတ်ဖြစ်တည်တဲ့ အနှစ် ၇၀ မြောက် အထိန်းအမှတ်ကာလကို ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကင် ပါတီဝင်တွေကိုပါ ကျေးဇူးတင်ကြောင်း ကြာသပတေးနေ့ အမေရိကန်လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

မမှန်ကန်တဲ့ ဝါဒဖြန့်ချီမှုတွေနဲ့ ပုံဖျက်ခံရတဲ့ သတင်းအချက်အလက်တွေဟာ အမှန်တရားနဲ့လူထုအမြင်ကို ပျက်ပြားစေတာကြောင့်၊ နှစ်နိုင်ငံလုံးရဲ့ ဒီမိုကရေစီ စံနှုန်းစံထားတွေ ထိခိုက်ဖို့ အန္တရာယ်ကြီးကြီး ရင်ဆိုင်နေရတယ်လို့လည်း သတိပေးပြောဆိုပါတယ်။ အာဏာရှင်တွေက ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို ကာကွယ်သူတွေအဖြစ် ဟန်ဆောင်နေကြပေမယ့် သူတို့ဟာ လက်တွေ့မှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို မလိုလားကြပဲ မှားယွင်းတဲ့ ဝါဒဖြန့်မှုတွေ အချက်လက်မှားတွေဖြန့်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်နေတာဖြစ်ကြာင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၇၀ က ဖြစ်ပွါးခဲ့တဲ့ ကိုရီးယားစစ်ပွဲမှာ အမေရိကန် စစ်သည် ၃၇,၀၀၀ လောက် အသက်ပေးခဲ့ရပြီး ကိုရီးယားကျွန်းဆွယ်မှာ လွတ်လပ်တဲ့ တောင်ကိုရီးယားနဲ့ ကွန်မြူနစ် မြောက်ကိုရီးယားတို့ကြား ဖြစ်ပွါးနေတဲ့ စစ်ပွဲ အဆုံးသတ်မှုနဲ့အတူ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား မဟာမိတ်အဖြစ် ရပ်တည်ခဲ့တာဖြစ်ကြောင်း အမေရိကန်လွှတ်တော်မှာ သတ္တမမြောက် မိန့်ခွန်းပြောကြားခဲ့တဲ့ တောင်ကိုရီးယားသမ္မတ Yoon က ပြောပါတယ်။

တောင်ကိုရီးယားဟာ အမေရိကန်နဲ့ အတူ လက်တွဲပြီး ကမ္ဘာတလွှား လွတ်လပ်မှုအတွက် ဆောင်ကျဉ်းပေးတဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးကျည်လက်နက် ထုတ်လုပ်မှု ၊ ရန်လိုမှုတွေအတွက် ဆန့်ကျင်ကြောင်း ပြောပါတယ်။ တောင်ကိုရီးယား သမ္မတဟာ ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG