သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းအလွန် အမျိုးသမီးတွေ ကြုံရတဲ့ အခက်အခဲ


မိုခါမုန်တိုင်းအလွန် အမျိုးသမီးတွေ ကြုံရတဲ့ အခက်အခဲ
please wait

No media source currently available

0:00 0:10:22 0:00

"ကျမ ချွေးမလေးနဲ့ မြေးမလေးရဲ့ အလောင်းတွေ ဒီနေရာမှာပဲ တွေ့ခဲ့တာပါ။ ကျမ အစ်ကိုနဲ့ သားတွေရဲ့အလောင်းတွေကိုတော့ ရွာအနီးအနားမှာ တွေ့ပါတယ်။ တယောက်ရဲ့အလောင်းကို လမ်းပေါ်မှာတွေ့ပြီး နောက်တယောက် အလောင်းကိုတော့ ရွာထဲမှာ တွေ့ပါတယ်။” - မုန်တိုင်းသင့် ဒုက္ခသည်အမျိုးသမီး

မိုခါမုန်တိုင်းအလွန် အမျိုးသမီးတွေ ကြုံရတဲ့ အခက်အခဲ

မေလ၁၄ ရက်နေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် အိုးအိမ်တွေနဲ့ လူ့အသက်တွေ အများအပြား ဆုံးရှုံးခဲ့ရပြီး အရေးပေါ် အကူအညီလိုအပ်သူ အနည်းဆုံး ၃ သန်းလောက် ရှိနိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းလွန်ကာလ နောက်ဆက်တွဲ ရေကြီး မြိုပြိုမှုတွေ ကြုံရနိုင်ခြေ ရှိနေသေးတဲ့ တချိန်တည်းမှာပဲ လိုအပ်တဲ့ အကူအညီတွေလည်း မရဘူးလို့ မုန်တိုင်းသင့် ဒေသတွေမှာ နေထိုင်သူတွေက ပြောဆိုကြပါတယ်။ မိုခါ မုန်တိုင်းဒဏ် ခံရတဲ့ဒေသတွေက အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခြေအနေ၊ ပြောပြချက်တချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် လူမှုစီးပွား အကျပ်အတည်းတွေ ကြုံခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းမှု ကြုံခဲ့ကြရပြီးတဲ့ နောက်မှာလည်း စစ်ဘေး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အခုတခါ မေလ ၁၄ ရက်နေ့က အင်အားပြင်း မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို နေရာ အတော်များများမှာ ကြုံရပြန်ပါတယ်။ အထူးသဖြင့် ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ကြုံခဲ့ရတာပါ။ မုန်တိုင်း ဒဏ်သင့် နေရာတွေဟာ ပဋိပက္ခ၊ ဆင်းရဲမွဲတေမှု၊ မတည်ငြိမ်မှုနဲ့ သဘာဝဘေးဒဏ်တွေ အရင်ကတည်းက ခံနေရတဲ့ ဒေသတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ရခိုင်ပြည်နယ်စစ်တွေမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေကတော့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံရတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ အရင်ကတည်းက ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ IDP ဒုက္ခသည်တွေ အများအပြား ရှိနေပြီး ဒီဒုက္ခသည်တွေဟာ မိုခါ မုန်တိုင်းကြောင့် ဒုက္ခတွေ ဆင့်ကဲ ခံစားနေကြရ ပြန်ပါတယ်။ မုန်တိုင်းကြောင့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေနဲ့ ကျေးရွာတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်တွေမြို့အနီးကျေးရွာတခုမှာ နေထိုင်တဲ့ါ ရိုဟင်ဂျာမွတ်ဆလင် အမျိုးသမီး Nur Bah ကေတာ့ မုန်တိုင်းအတွင်း သူ့ မိသားစုဝင်တချို့ ဆုံးရှုံးခဲ့ရတယ်လို့ ပြောပြပါတယ်။

"ကျမ ချွေးမလေးနဲ့ မြေးမလေးရဲ့ အလောင်းတွေ ဒီနေရာမှာပဲ တွေ့ခဲ့တာပါ။ ကျမ အစ်ကိုနဲ့ သားတွေရဲ့အလောင်းတွေကိုတော့ ရွာအနီးအနားမှာ တွေ့ပါတယ်။ တယောက်ရဲ့အလောင်းကို လမ်းပေါ်မှာတွေ့ပြီး နောက်တယောက် အလောင်းကိုတော့ ရွာထဲမှာ တွေ့ပါတယ်။”

အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၁၂၀ လောက်အထိ ပြင်းထန်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့မှာ ထိခိုက်ပျက်စီးမှု မရှိတဲ့အိမ် ဆိုတာ မရှိသလောက်ပဲလို့ ဒေသခံတွေက ပြောပြကြပါတယ်။ လျှပ်စစ်မီးတိုင်တွေ ပြိုကျ၊ လူနေအိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီး၊ ငါးဖမ်းလှေတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ထိခိုက် ပျက်စီးခဲ့ရပါတယ်။

မုန်တိုင်းစ ဝင်တဲ့အချိန်မှာ စစ်တွေမြို့အနီးက ကျေးရွာတခုမှာ ရှိနေပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ရင်း အသက်မသေ လွတ်မြောက်လာခဲ့တဲ့ Nu Bar Ha ကလည်းသူ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ခုလို ပြောပြပါတယ်။

"မုန်တိုင်းအရှိန် ပြင်းလာတော့ ကျမကိုယ်တိုင်လည်း သေရမှာကြောက်သလို၊ ကျမ သားသမီးတွေကိုလည်း မသေစေချင်တာကြောင့် ကလေးတွေခေါ်ပြီး နေရာကနေ ထွက်ပြေးတော့တာပါပဲ။ ပြေးရင်း ရေနစ်ခဲ့ပါသေးတယ်။ လူတွေက ကျမတို့ကို ရေထဲကနေ ဝိုင်းဆွဲကယ်ခဲ့ကြလို့သာပေါ့။ ကျမတော့ အဲ့ဒီအချိန်မှာ သေပြီလို့ပဲ တွေးခဲ့တာပါ။”

Nu Bar Ha လို အသက်မသေ လွတ်မြောက်သူတွေ အများအပြား ရှိပေမဲ့လို့ စစ်တွေ တခုတည်းမှာတင် သေဆုံး ပျောက်ဆုံးသူတွေ ၄၀၀ လောက်အထိတောင် ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေနဲ့ ဒေသခံတွေက ခန့်မှန်း ပြောဆိုထားကြပါတယ်။

မြန်မာစစ်ကောင်စီကတော့ စစ်တွေမြို့ အပါအဝင် မုန်တိုင်းသင့် ဒေသေတြမွာ အိုးအိမ်တွေ သောင်းနဲ့ချီ ထိခိုက် ပျက်စီးပြီး လမ်းတံတားတွေ၊ ဌာနဆိုင်ရာ အဆောက်အဦးတွေနဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ အပါအဝင် အခြေခံ အေဆာက်အအုံ အများအပြားလည်း ထိခိုက် ပျက်စီးခဲ့တဲ့အကြောင်းနဲ့ သောကြာနေ့အထိ သေဆုံးသူ ၁၄၀ ကျော် ရှိတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲ ဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဒေသခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။ သေဆုံးစာရင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဆန်းစစ် လေ့လာနေပြီး အရေးပေါ် အကူအညီတွေ အမြန်ဆုံး ပေးနိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။ မုန်တိုင်းသင့်နေရာတွေက ဒေသခံတွေကတော့ ဆက်သွယ်ရေးနဲ့ လမ်းပန်းသွားလာရေး အခက်အခဲတွေ ကြုံနေရတဲ့ တချိန်တည်းမှာ အကူအညီတွေ မရတဲ့အကြောင်း ပြောဆိုကြပါတယ်။ ကိုဗစ်ကာလ ကတည်းက ကြုံနေရတဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေဟာ ခုလို အခြေအနေကြောင့် ပိုပြီး ခက်ခဲလာစေတယ်လို့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ် ဒေသခံတဦးက ပြောပြပါတယ်။

“ကျမတို့တသက်၊ ဒီအသက်အရွယ်အထိ လုံး၀ မကြုံခဲ့ဖူးတဲ့ အခြေအနေပေါ့။ အဲ့ဒီလို သက်တမ်း တလျှောက်လုံး အဆိုးဆုံး အခြေအနေမှာတောင် ဘာမှ အကူအညီ ပေးတာမျိုး၊ ထောက်ပံ့တာမျိုးတွေ မရှိတဲ့အခါ ကျမတို့ စိတ်ထိခိုက်ရတာပေါ့။ ခံစားရတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တွေ တအားခက်ခဲနေချိန်မှာ ဘာ အကူအညီမှ မရှိဘူး။ အခုလက်ရှိဘာတွေ ဖြစ်နေလဲဆိုတော့ ရေတွေကျသွားတော့ နှုန်းတွေ ကျန်ခဲ့တယ်။ ပြီးရင် တမြို့လုံးဖြစ်တဲ့ အခြေအနေ ဆိုတော့ဘယ်သူ့ကိုမှ ဘယ်သူက မကယ်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်။ ဘယ်သူ့ကိုမှလည်း အကူအညီတောင်းလို့ မရဘူး။ အဲ့တော့ ကိုယ့်ဟာနဲ့ကိုယ် ကိုယ်ထူကိုယ်ထ တတ်နိုင်သလောက်လေးတွေ လုပ်နေကြရတာပေါ့။ ကိုဗစ်ကာလကတည်းက ကျမတို့မှာ ခက်ခဲလာခဲ့တော့ ဒီလို မျိုးစီးပွားရေးတွေ ကျဆင်း၊ ကုန်ဈေးနှုန်းတွေ တက်တယ်။ ငွေ ရှာရခက်တယ်။ အဲ့လို အခြေအနေတွေမှာ ကိုယ့်ဟာကိုယ် အဆင်ပြေသလိုလေးတွေ စားသောက်နေရတဲ့ အချိန်မှာ အခက်အခဲတွေကတော့ အများကြီးပဲ။ စားဝတ်နေရေးအတွက် အခက်အခဲတွေ အများကြီး ရှိတယ်။ ဒီကြားထဲ အခုလိုမျိုး ရေကြီးလိုက်တဲ့ အခါကျတော့ တချို့တွေဆို ဘဝတွေ အသစ်ပြန်စ ရတော့မယ်။ အဲ့လိုတွေ အများကြီးရှိတယ်။ ဒါက တမြို့လုံး အတိုင်းအတာပါ။ စီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း သူတို့ဟာနဲ့သူတို့ ဆုံးရှုံးတယ်။ ဆန်စက်တွေဆိုရင် ဆန်တွေ အကုန်လုံးပါပဲ။ တောင်သူ လယ်သမားတွေဆိုလည်း ပဲတွေ နှမ်းတွေပျက်ပြီး၊ စိုက်ခင်းတွေ ပျက်စီးတယ်။ ကျမတို့ဘက်မှာ အခုဆိုရင် စားဖို့သောက်ဖို့ ပိုက်ဆံ လက်ထဲမှာရှိရင်တောင်မှ ကျမတို့ ဝယ်စားလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဘာလို့လဲဆိုရင် ဆိုင်တွေလည်း သူတို့အခက်အခဲတွေနဲ့ သူတို့အများကြီး ပျက်စီး ဆုံးရှုံးမှုတွေ ရှိနေတော့ဆိုင်တွေလည်း မထွက်နိုင်ဘူး။ ဆိုတော့ အများကြီးပါပဲ ဆုံးရှုံးနစ်နာမှုတွေ ကတော့။ ထိခိုက်ခံစားမှုတွေလည်း အများကြီးပဲ။ ပြောမပြနိုင်အောင်ပါပဲ။ ရင်ထဲမှာတောင် မဆန့်ဘူးရှင့်။”

မုန်တိုင်းရှိတဲ့အကြောင်း သတင်းတွေ ကြားခဲ့ရေပမဲ့၊ တာဝန်ရှိသူတွေဘက်က စနစ်တကျ သတိပေးချက်တွေနဲ့ ကြိုတင်ပြင်ဆင်ပေးတာမျိုး မရှိခဲ့သလို၊ ခုလောက်ထိ အခြေအနေ ဆိုးရွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူးလို့လည်း ဒီဒေသခံက ပြောပြပါတယ်။ ထင်မှတ်မထားတဲ့ ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရတာကြောင့် ခုချိန်မှာ ကူညီ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး အကူအညီတွေ အထူး လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။

“ကျမတို့လောလောဆယ် လိုအပ်တာတွေကတာ့ ပြန်လည် ထူထောင်ရေးပေါ့။ အကုန်လုံး လိုအပ်တာတွေပေါ့။ တချို့ဆို အိမ် ပျက်စီးတဲ့သူတွေ ရှိမယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ ကိုယ့်ပစ္စည်းတွေ ဆုံးရှုံးနစ်နာတာတွေ ရှိတယ်။ လူသေတာ ထိခိုက်တာတွေ ရှိတယ်။ အဲ့ဒီအခြေအနေမှာ အကုန်လုံး ပြန်လည် ထူထောင်ရေးဖြစ်စေချင်တာပေါ့။”

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် နဂိုကတည်းက စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ ပြည်သူတွေဟာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သူတို့ရဲ့ အသက်ရှင်နေထိုင်မှုတွေ ဆင့်ကဲ ထိုးနှက်ခံရသလို ဖြစ်ခဲ့ရပါတယ်။ မုန်တိုင်းကြောင့် စားစရာ နေစရာ ပျောက်ပြီး စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ စစ်တွေမြို့ ဒေသခံ အမျိုးသမီးတချို့က ပြောပါတယ်။

“ထမင်း မစားရတာ လေး ငါးရက် ရှိပါပြီ။ အိုးလည်းမရှိပါဘူး။ ခွက်လည်း မရှိပါဘူး။ ယာလည်း မရှိပါ။ အဝတ်လည်း မလဲရပါဘူး”

“ဆန်လေးဘာလေး နည်းနည်းများ ရမလားလို့ ဒီကိုလာတာပါ။ စားစရာ ပိုက်ဆံလည်း မရှိဘူး။ နေစရာလည်း မရှိပါဘူး။ အခက်အခဲ ကြုံရတယ်။ ဒီကျောင်းက ပေးတာနဲ့ မျှတပြီးတော့ စားနေတာ။”

"စားစရာဆန်နဲ့ ပန်းကန်ခွက်ယောက်လေးတွေ ရဖို့၊ နေထိုင်စားသောက်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရ ချိန်မှာပဲ အခုတော့ ရှိတဲ့ ဆန်လေး၊ ပန်းကန်လေးတွေတောင် မရှိတော့ပါဘူး။ အိမ်ပြန်ဆောက်ဖို့ ငွေလည်း မရှိဘူး။ ဆာလည်း ဆာလှပြီ။အစာ မစားရတာနှစ်ရက် ရှိပါပြီ။ ဒီလို ဗိုက်ဟောင်းလောင်းနဲ့ နောက်ထပ် ဘယ်နှစ်ရက် ဆက်နေရဦးမှာလဲ။ အစိုးရက ကျမတို့ကို ဘယ်တော့ လာကူညီပေးမလဲ ဆိုတာလည်း မသိပါဘူး။”

ဘင်္ဂလားပင်လယ်အော်မှာ ဆယ်စုနှစ် တစုကျော်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါကြောင့် မြန်မာနိုင်ငံအတွင်း အတိဒုက္ခ ရောက်ကြရသူတွေ ရှိသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း နယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေလည်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရ Olga Sarrado ကပြောပါတယ်။
“Teknaf မြို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အနီးနားမှာ နေကြတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံ အသိုင်းအဝိုင်းတွေ ကတော့ အများဆုံးပါ။ သူတို့ ခိုလုံနေထိုင်တဲ့ နေရာတွေ၊ ဝန်ဆောင်မှုပေးတဲ့ နေရာတွေ၊ အခြေခံအဆောက်အအုံတွေ ထောင်နဲ့ချီ ပျက်စီးသွားပါတယ်။ လာမယ့် မုတ်သုန်ရာသီ မတိုင်ခင် မိသားစုတွေ အန္တရာယ် ပိုပြီးကြုံလာရနိုင်တဲ့ အခြေအနေပါပဲ။”

မုန်တိုင်းလွန်သွားပေမဲ့၊ နောက်ဆက်တွယ် ရေကြီး မြေပြိုမှုတွေ ဆက်ကြုံရနိုင်တဲ့ အန္တရာယ် ရှိနေသလို၊ လာမယ့် ရက်တွေ အတွင်း ရေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ ပျံ့နှံ့ဖြစ်ပွားလာနိုင်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ UNICEF ကလည်း သတိပေး ထားပါတယ်။ ဒါ့အပြင် မုန်တိုင်းကြောင့် ထိခိုက် သေကြေမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားနိုင်တာကြောင့် လိုအပ်တဲ့ အကူအညီတွေ အမြန်ဆုံး ပေးနိုင်ဖို့ လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာ ကူညီပေးရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း လိုအပ်သူတွေထဲ အကူအညီတွေ အကန့်အသတ်မရှိ သွားရောက် ပေးနိုင်ဖို့ အာဏာပိုင်တွေဘက်က ခွင့်ပြုချက် လိုအပ်နေဆဲ ဖြစ်သလို ဆက်သွယ်ရေးနဲ့ သွားလာရေး အခက်အခဲတွေ ရှိနေတာကြောင့် အကူအညီပေးရေး ကြိုးပမ်းမှုတွေ နှောင့်နှေးနေဆဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိ ရေဘေးသင့်ဒေသ အများအပြားမှာ အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး ဒေသခံတွေ အနေနဲ့ ကိုယ်ထူကိုယ်ထနည်းနဲ့ ပြန်လည် ထူထောင်နိုင်ဖို့ ရုန်းကန်နေကြရဆဲပဲ ဆိုတာကို တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမွာပဲ ရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင့်။

XS
SM
MD
LG