သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါ မုန်တိုင်းသင့် မြန်မာပြည်သူတွေကို အကူညီတိုးပေးဖို့ ဗြိတိန်တိုက်တွန်း


UNSC Meeting (Credit: May Sabe Phyu)
UNSC Meeting (Credit: May Sabe Phyu)

မိုခါ မုန်တိုင်းသင့် မြန်မာပြည်သူတွေကို အကူညီတိုးပေးဖို့ ဗြိတိန်တိုက်တွန်း


မြန်မာနိုင်ငံက ဆိုင်ကလုန်း မိုခါ မုန်တိုင်းဒဏ်ခံရတဲ့ လူမှုအသိုက်အဝန်းတွေကို ပံ့ပိုးကူညီဖို့အတွက် ယူကေနိုင်ငံ ကနဦး အရေးပေါ် တုံ့ပြန်မှု ရန်ပုံငွေ ဒေါ်လာ ၂.၅ သန်းကို ကြေညာပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကိုလည်း အခုထက်ပိုပြီး ထည့်ဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မေလ(၁၉)ရက် သောကြာနေ့မှာကျင်းပတဲ့ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလွတ်သဘော တံခါးပိတ် ဆွေးနွေးပွဲမှာ ယူကနိုင်ငံက အခုလို ကြေညာပြီး အကူအညီတွေ ပိုပေးကြဖို့ တိုက်တွန်း တောင်းဆို လိုက်တာပါ။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားတွေအတွက် သေဆုံးမှုအများဆုံးနေရာတွေထဲက တစ်ခုဖြစ်ပြီး၊ နောက်ထပ် အကျပ်အတည်းတစ်ခုဖြစ်တဲ့ ဆိုင်ကလုန်း မိုခါဒဏ်ကိုလည်း ခံခဲ့ရတဲ့အတွက် အကူအညီတွေ လိုအပ်နေသူတွေကို အတားအဆီးကင်းမဲ့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အပြည့်အဝ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Barbara Woodward ကလည်း တောင်းဆိုထားပါတယ်။

ယူကေ ကပေးတဲ့ ဒီရန်ပုံငွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအသိုင်းအဝိုင်းအပါအဝင် ထိခိုက်ခံစားနေတဲ့ လူမှုအသိုက်အဝန်းတွေအတွက် အရေးပေါ်အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေသန့်နဲ့ မိလ္လာသန့်ရှင်းရေးတို့အတွက် ပေးဆောင်တာဖြစ်ပါတယ်။

ဒီရန်ပုံငွေထဲက ဒေါ်လာ ၁.၂၅ သန်းကို ရေ၊ အညစ်အကြေးနဲ့ တကိုယ်ရေသန့်ရှင်းမှု ကျန်းမာရေးဆိုင်ရာမှာ ချက်ချင်း ကူညီနိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေက တဆင့် အသုံးပြုမှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ဝ.၂၅ သန်း ကိုတော့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ နေရပ် စွန့်ခွာ ကြသူတွေနဲ့ ရေကြီးရေလျှံမှုဒဏ် ခံရသူတွေ အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က စီမံခန့်ခွဲတဲ့ မြန်မာ လူသားချင်းစာနာမှု ရန်ပုံငွေ အတွက် အမေရိကန်ဒေါ်လာ ဝ.၆၃ သန်း အသုံးပြုမှာ ဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာနဲ့ အမိုးအကာ တွေ သုံးမှာ ဖြစ်ပါတယ်၊

ဒါ့အပြင် အရေးပေါ် တုံ့ပြန်ကူညီနိုင်ဖို့ ရန်ပုံငွေ အဖြစ် ဒေါ်လာ ဝ.၃၇ သန်း ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး ယူကဟာ ရခိုင်ပြည်နယ် လူမှု အသိုင်းအဝိုင်းတွေအတွက် ရေ၊ သန့်ရှင်းရေး၊ မိလ္လာ၊ အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ ၁၀၁ သန်း ဝန်းကျင် ထောက်ပံ့ပေးထားပြီး ဖြစ်တယ်လို့ ယူကေ အစိုးရက ကြေညာပါတယ်။

တဖက်မှာလည်း အကူအညီတွေကို မြန်မာစစ်အစိုးရကို မရောက်စေဖို့လည်း သေချာ စိစစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီနဲ့ တခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မိန့်ခွန်းပြောခဲ့သလို မြန်မာ အရပ်ဘက်ကိုယ်စားပြုပြီး လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးနှစ်ဦးကလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။

XS
SM
MD
LG