သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တရုတ် သြဇာလွှမ်းမိုးမှု


မြန်မာ့အရေး တရုတ် သြဇာလွှမ်းမိုးမှု
please wait

No media source currently available

0:00 0:14:08 0:00

တရုတ်က စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်ဆံရေးမှာ သူ့အကျိုးစီးပွားကို ရှေ့တမ်းတင်မယ် ဆိုရင် မြန်မာပြည်တွင်း ပြည်ပ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုပြီး ကြီးမားလာနိုင်ကြောင်း တရုတ်-မြန်မာဆက်ဆံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဗွီအိုအေကိုပြောပါတယ်။

တရုတ်က စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်ဆံရေးမှာ သူ့အကျိုးစီးပွားကို ရှေ့တမ်းတင်မယ် ဆိုရင် မြန်မာပြည်တွင်း ပြည်ပ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုပြီး ကြီးမားလာနိုင်ကြောင်း တရုတ်-မြန်မာဆက်ဆံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ဗွီအိုအေကိုပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်ညှိုနှိုင်းမှုကြောင့် ရှမ်းပြည်နယ်မိုင်လားမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားညီနောင်မဟာမိတ် (၃)ဖွဲ့ ကြား နှစ်ရက်ကြာ ဆွေးနွေးပွဲ ဟာ ဘာရလာဒ်မှ မရှိပဲ သောကြာနေ့က ပြီးဆုံးခဲ့ရပါတယ်။ မြန်မာ့အရေးမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အခြေအနေနဲ့ ပတ်သက်လို့ ဦးသန်းစိုးနိုင် ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အခု ဒီမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် (၃) ဖွဲ့ - ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ စစ်ကောင်စီကြားမှာ စေ့စပ်ဆွေးနွေး စကားပြောဖို့ကို တရုတ်ကနေ ကြားဝင်ညှိနှိုင်းခဲ့တယ်လို့ ကျမတို့ သိရပါတယ်။ တရုတ်က ဘာကြောင့် ကြားဝင်ညှိနှိုင်းတယ်လို့ ဦးသန်းစိုးနိုင် မြင်ပါသလဲရှင့်။

ဖြေ ။ ။ တရုတ်က အခုလို ကြားဝင်ပြီးတော့ ငြိမ်းချမ်းရေးပွဲစားလုပ်နေတာ တချက်ကတော့ သူဟာ နိုင်ငံတကာမှာ ငြိမ်းချမ်းရေးအကျိုးဆောင်ကြီးအဖြစ် ပုံဖော်ချင်တဲ့အတွက် သူက အဲဒီအမည်နာမကို ယူထားတာ။ နောက် အဲဒီလိုကိစ္စမျိုးတွေလည်း ပြည်တွင်းမှာ အထူးသဖြင့် မကြာခင်က ရခိုင်မှာဆိုရင် ဘင်္ဂလီဒုက္ခသည်တွေ ပြန်ပို့ရေးကိစ္စကို သူက ဦးဆောင်ဦးရွက်ပြု လုပ်နေတဲ့အနေအထားတွေ ရှိပါတယ်။ ဆိုလိုတာကတော့ သူက ငြိမ်းချမ်းရေးကို လိုလားတဲ့အင်အားစုဆိုတာကို နိုင်ငံတကာကို ပုံဖော်ချင်လို့ အဲဒါကို လုပ်တာပါ။ ဒါပေမဲ့ တရုတ်ရဲ့ အရင်ခံရည်ရွယ်ချက်ကတော့ ဗမာပြည်မှာ ရှိနေတဲ့ တရုတ်အကျိုးစီးပွားနဲ့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အနောက်တိုင်းနိုင်ငံတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပါဝင်မလာဘို့၊ အဲဒါတွေကို တတ်နိုင်သလောက် ဟန့်တားဖို့ ရည်ရွယ်ပြီးလုပ်တာပါ။

မေး ။ ။ အဲဒီတော့ တရုတ်ကနေပြီးတော့ အခုလိုမျိုး ဆွေးနွေးပွဲတွေ ဖြစ်လာအောင် အထူးသဖြင့် ဒါဟာ အရင်ကတည်းက သဘောထားတင်းမာတဲ့ အုပ်စုတွေကြားမှာ ဆွေးနွေးပွဲတွေ ဖြစ်လာအောင် တရုတ်က ကြားဝင်လုပ်ပေးလာတာ၊ တဘက်မှာ သူတို့ချင်း ဆွေးနွေးလာကြတယ်၊ စကားပြောလာကြတယ်။ အထူးသဖြင့် စစ်ကောင်စီဆိုရင် ဗိုလ်ချုပ်ဇော်မင်းထွန်း တုံ့ပြန်ပြောဆိုချက်အရဆိုရင် အခုဆွေးနွေးပွဲတွေက တိုးတက်မှုရှိတယ်။ အပြုသဘောဆောင်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်ဆိုတာမျိုးဆိုရင် တိုးတက်တဲ့လက္ခဏာအဖြစ်ကော မြင်လို့ရလားရှင့်။

ဖြေ ။ ။ လုံးဝမြင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူလူထု သန်း ၅၀ ကျော်ထဲမှာ အခု စစ်ကောင်စီကို ထောက်ခံနေတဲ့ အင်အားစုဆိုတာ တစ်သန်းနှစ်သန်းထက် မကျော်နိုင်ပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ .... ပုဂံမကွဲစေနဲ့ ဆိုပြီးတော့ ပြည်သူလူထု တော်လှန်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်ကောင်စီနဲ့ စေ့စပ်ပေးတယ်ဆိုတာ ပြည်သူလူထုကို ချောက်ထဲတွန်းပို့တဲ့ကိစ္စ။ အခုဆိုရင် နွေဦးတော်လှန်ရေးက အပြန်အလှန် ထိုးစစ်တွေ စတော့မယ်လို့ ကြေညာထားတဲ့အချိန်မှာ ဒီလိုသဘောထားနဲ့ ဒီလိုစေ့စပ်ပေးတာတွေဟာ ပြည်သူ့တော်လှန်ရေးကို နောက်ဆုတ်အောင် ဆုံးရှုံးအောင် အချိန်ရှည်ကြာသွားအောင် လုပ်ပေးတာ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့တော့ နာကြီးမုန်းတီးမှု ရှိမှာမလွဲဘဲလို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

မေး ။ ။ ဦးသန်းစိုးနိုင်ရဲ့ သုံးသပ်ချက်အရဆိုရင် တရုတ်ရဲ့ သြဇာက အခုလက်ရှိ စစ်ကောင်စီပေါ်မှာ သူတို့ရဲ့ လွှမ်းမိုးမှုပေါ့။ သူတို့ဘက်က ချဉ်းကပ်ပုံ၊ သူတို့ အရင်စစ်အစိုးရတွေနဲ့ ယှဉ်လို့ရှိရင် လက်ရှိစစ်ကောင်စီပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုက ဘယ်လိုအခြေအနေ ရှိပါသလဲရှင့်။

ဖြေ ။ ။ အဲဒါတော့ ခြုံငုံပြောရလို့ရှိရင်တော့ ဗမာပြည်မှာ အာဏာရလာတဲ့ အစိုးရမှန်သမျှ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မလွှဲမရှောင်သာ တရုတ်ရဲ့ ဖိအားပေးမှုတွေကို လိိုက်လျောရတာကြီးပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်နမိတ်ပေါင်း မိုင် ၁၃၀၀ လောက် ဆက်စပ်နေတဲ့ တိုင်းပြည်ကြီး ဖြစ်တဲ့အခါကြတော့ အင်အားကလည်းရှိတော့ ဘယ်အစိုးရကမှ ငြင်းလို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်ကလည်း ဖွံ့ဖြိုးရေးစာချုပ် (၁၉) ခု ချုပ်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ အဲဒီတော့ ယေဘူယျပြောရရင်တော့ ဘယ်သူမှ သိပ်ပြီးတော့ မလွန်ဆန်နိုင်ဘူးပေါ့။ ဒါပေမဲ့ အခု စစ်ကောင်စီနဲ့ ကျနော်တို့ NUG PDF တွေ၊ ပြည်သူတွေရဲ့ တိုက်ပွဲ ပြင်းထန်လာတဲ့ အချိန်မှာတော့ သဘောထားက ပိုပြီးတော့ ရှင်းလင်းပြတ်သားလာတယ်။ အဲဒီအနေအထားက အခု တဆစ်ချိုးပြောင်းသွားပါတယ်။ ဘာလို့ပြောင်းတာလဲဆိုတော့ အမေရိကန်က NDAA စာချုပ်တွေအရ ဗမာပြည်က ဒီမိုကရေစီအင်အားစုတွေကို လက်နက်မဟုတ်တဲ့၊ ငွေကြေးအကူအညီ ထောက်ပံ့မယ်ဆိုတဲ့ ကိစ္စရယ်။

နောက်ပြီးတော့ NUG အစိုးရအဖွဲ့ရုံးကို ဝါရှင်တန်မှာ ဖွင့်လှစ်ခွင့်ပေးပြီဆိုတဲ့အခါမှာ တရုတ်အနေနဲ့ အရင်တုန်းက ဆက်ဆံရေးတွေကို ပြောင်းပြန်လှန်လိုက်ပါတယ်။ အရင်တုန်းက ဗမာပြည်ကို လွှတ်နေတဲ့ အရာရှိကို ဖယ်ရှားလိုက်တယ်။ ဝမ်ယီကတော့ ရာထူးတိုးသွားတာပေါ့။ ဒါကလည်း ဖယ်ပစ်လိုက်တဲ့ နည်းတနည်းပါ။ အခု နိုင်ငံခြားရေးဝန်ကြီးသစ်တွေ။ နောက်ပြီးတော့ အခုက တရုတ်ရဲ့ သံတမန်လည်း အသစ်ခန့်လိုက်တယ်။ အဲဒါထက် ပိုပြီးတော့ ဆိုးဝါးလာတဲ့ တရုတ်ရဲ့ စွက်ဖက်မှုက ဘာလဲဆိုတော့ အခုက တရုတ်ပြည် ဗဟိုအစိုးရတင်မကဘူး၊ ယူနန်ပြည်နယ်က ခေါင်းဆောင်တွေပါ တိုက်ရိုက်ပါဝင်ပတ်သက်လာတယ်။ အခု ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့နဲ့ ဆွေးနွေးပွဲမှာတောင် ယူနန်ပြည်နယ် ကိုယ်စားလှယ်က ဝင်လာပြီးတော့ ဝင်ထိုင်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ အဲဒါဟာ တခုကတော့ ငြိမ်းချမ်းရေး မလုပ်လုပ်အောင် ဖိအားပေးတဲ့သဘောမှာ အခုလက်တွေ့ ဆက်ဆံနေရတဲ့ ယူနန်ပြည်နယ်က အရာရှိတွေသည် ဆင်းပြီးတော့ ဗမာပြည်အရေးမှာ စွက်ဖက်လာတာကို တွေ့ရတယ်။

မေး ။ ။ အဲဒီတော့ NUG အမျိုးသားညီညွှတ်ရေး အစိုးရအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးပိုင်းမှာ အရင်ကတည်းက NLD ပါတီကြီးရဲ့ အမတ်တွေလည်း ဖြစ်တဲ့အခါကြတော့ အရင်ကတည်းက NLD ပါတီ အစိုးရလက်ထက်ကတည်းက တရုတ်နဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ အခု သူတို့ ပြည်ပကို ရောက်တာပဲဖြစ်ဖြစ်၊ နယ်စပ်တွေမှာပဲဖြစ်ဖြစ် ရှိနေတဲ့အချိန်မှာလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့လည်း တစုံတရာ အတိုင်းအတာ ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ အနေအထားဆိုပြီး NUG, CRPP တို့ဘက်ကလည်း ထုတ်ဖော်ပြောဆိုထားတာတွေရှိတော့ တရုတ်က NUG နဲ့ ဆက်ဆံရေးပိုင်းကို ဘယ်လို သုံးသပ်လိုပါလဲရှင့်။

ဖြေ ။ ။ NUG ရဲ့ တရုတ်ပြည်ပေါ် သဘောထားက အတော်လေး မှန်ကန်ကောင်းမွန်ပါတယ်။ တရုတ်ပြည် ပါတီကွန်ဂရက်မှာကော၊ တရုတ်ပြည်ရဲ့ ကြီးကျယ်တဲ့ ပွဲလမ်းတွေ ကျင်းပတဲ့အခါတိုင်း NUG အစိုးရအနေနဲ့ သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ နောက် အနိမ့်ဆုံးအားဖြင့် ဗမာပြည်မှာရှိနေတဲ့ တရုတ်သံရုံးကိုလည်း အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းတိုင်ပင်ခွင့် ရဖို့အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က အဲဒီလို NUG ဘက်ကနေ သဝဏ်လွှာတွေ၊ ချီးကျူးဂုဏ်ပြုလွှာတွေ ရရှိကြောင်း တခွန်းတပါသားမှ မပြောခဲ့ဖူးပါဘူး။ စာတကြောင်းတောင် ပြန်လာခဲ့တဲ့ အနေအထား မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ NUG ဆိုတာဟာ အမေရိကန်နဲ့ အနောက်အုပ်စုကနေ အားပေးနေတဲ့ အင်အားစုဖြစ်တယ်။ ဒီအင်အားစုနဲ့ ဘာမှဆက်ဆံစရာ မလိုဘူးဆိုတဲ့ တရုတ်ရဲ့ သဘောထားကြောင့် ဘာမှတုံ့ပြန်မှု မပြုပါဘူး။ အခြားတဘက်က ဘာရှိနေလဲ။ အခြားတဘက်က တရုတ်ပြည်ရဲ့ သဘောထားက ပြည်တွင်းမှာ ဘာတွေဖြစ်ပြီးတော့ ဘယ်သူက အကြမ်းဖက်နေပါစေ၊ ဗမာပြည်သူလူထုရဲ့ သဘောထားက ဘာဖြစ်သလဲဆိုတာကို တရုတ်ရဲ့ တိုင်းပြည်တိုင်းမှာ ကျင့်သုံးနေတဲ့ နိုင်ငံတကာ မူဝါဒမှာ သူက တိုင်းပြည်မှာ အုပ်စိုးနေတဲ့ အစိုးရနဲ့ပဲ သူက ဆက်သွယ်ဖို့သဘောထား ရှိပါတယ်။

အဲဒီတော့ ဒီအတိုင်း NLD ကို အချိန်ကာလတခုကနေ NLD ကို မဖျက်သိမ်းဖို့တို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို အသိအမှတ်ပြုဖို့တို့ ဘာတို့တွေ သူက ပြောနေတာက တကယ်က ဗမာပြည်မှာ ဘယ်သူက တရားဝင် အုပ်စိုးနေသလဲဆိုတဲ့ အမြင်ပေါ်ကနေ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ မျက်နှာနဲ့ ပြည်သူလူထုရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားတာ မဟုတ်ပါဘူး။ အုပ်စိုးနေတဲ့ အစိုးရနဲ့ ဆက်သွယ်လို့ရရင် ပြီရောဆိုတာ တရုတ်ရဲ့ နိုင်ငံခြားရေးဆိုင်ရာ သဘောထားမူဝါဒ။ အဲဒီတော့ သူ့အကျိုးစီးပွားအတွက် ခွင့်ပြုတဲ့အစိုးရဆိုရင် ကောင်းတယ်။ NUG က ဘယ်လောက်ပဲ ဖြောင့်မတ်မှန်ကန်တဲ့သဘောထားနဲ့ ချဉ်းကပ်ချဉ်းကပ် တရုတ်က လက်ခံမှာ မဟုတ်ပါဘူး။

မေး ။ ။ တရုတ်နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေရဲ့ သဘောထားမှာလည်း လက်ရှိ မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်က မြန်မာနိုင်ငံကိုလာပြီးတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံသွားတဲ့ ကိစ္စတွေမှာဆိုရင် စစ်ကိုင်းတိုင်းက ပြည်သူတွေက ထုတ်ဖော်ဆန္ဒပြတာတွေ၊ တရုတ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကိုလည်း လုပ်ကြတဲ့အခါကြတော့ အခုလိုမျိုး တရုတ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက မကြိုက်ဘူး၊ မလိုလားဘူးဆိုတဲ့အပေါ်မှာ တရုတ်နိုင်ငံက ထည့်မတွက်ဘူးလား။ ဒါမှမဟုတ်ရင် ရေရှည် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲရှင့်။

ဖြေ ။ ။ တရုတ်-မြန်မာ ဆက်ဆံရေး သမိုင်းကြောင်းမှာ ပြည်သူလူထုက ကျေနပ်လောက်တဲ့ တရုတ်ရဲ့ အကူအညီဆိုတာ ကျနော်တို့ မကြားဘူးသလောက်၊ မရှိသလောက်ပါ။ ဒီနေ့ကာလမှာ ကျနော်တို့ ပြည်သူတရပ်လုံးက ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ စစ်အာဏာရှင်စနစ် မြေမြုပ်သင်္ဂြိုလ်ပြစ်ရေး ကြွေးကြော်သံတွေကို သန်းနဲ့ချီတဲ့ ပြည်သူတွေကနေ သေဆုံးရတယ်၊ ဖမ်းဆီးထောင်ချခံရတယ်ဆိုတဲ့ ကိစ္စတွေ ရှိလာတယ်၊ ရှိနေတဲ့အပေါ်မှာ ဘယ်လိုမှ စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ အစိုးရတရပ်ပေါ် ပြည်သူလူထုအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကြိုက်လည်းမကြိုက်ပါဘူး။ ဒါကြောင့်မို့ ဒီလိုအနေအထားတွေ ချိုးကွေ့ပြီး တရုတ်ပြည်က ဖော်ပြလာတာနဲ့ တပြိုင်တည်း စစ်ကောင်စီနဲ့ တရုတ်ခေါင်းဆောင်တွေ တွေ့ဆုံကြမှုတွေအပြီးမှာ လက်ပံတောင်းတောင် လူထုကနေ တုံ့ပြန်ဆန္ဒပြမှုတွေ ရှိခဲ့တယ်။ အခု စစ်ကိုင်းတိုင်းကနေ ဖြတ်ကျော်သွားနေတဲ့ တရုတ်ရေနံပိုက်လိုင်းကို စောင့်နေတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်တာ ရှိလာပါတယ်။ ဒါဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ကျောခိုင်းပြီးတော့ အာဏာရထားတဲ့ အစိုးရကို အသိအမှတ်ပြုတဲ့ တရုတ်ရဲ့ ဆက်ဆံရေးကို ကျနော်တို့ ဗမာပြည်သူလူထုက တုံ့ပြန်ဖော်ပြလိုက်တာပါပဲ။ အခု ဒီအခြေအနေတွေ တိုးပွားလာတာနဲ့အမျှ အဲဒီလို တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာနေပြီး၊ ဗမာပြည်နဲ့ နိုင်ငံတကာမှာပါ ရှိလာနိုင်တဲ့ အနေအထားတွေ တွေ့မြင်နေရပါတယ်။

မအင်ကြင်းနိုင် ။ ။ ဦးသန်းစိုးနိုင် ... အခုလိုမျိုး အချိန်ပေးပြီးတော့ ဗီအိုအေမြန်မာပိုင်းက မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဦးသန်းစိုးနိုင် ။ ။ ကျနော်ကလည်း ပြောဆိုရှင်းပြခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG