သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကောင်းဆုံး ဇာတ်ဆောင် အော်စကာဆုရ ပထမဆုံး အာရှမင်းသမီး မစ်ရှဲလ်ယိုး


ဒီနှစ် မတ်လထဲ ကျင်းပခဲ့တဲ့ ၉၅ ကြိမ်မြောက် ဟောလိဝုဒ် ရုပ်ရှင် အကယ်ဒမီပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့တဲ့ မလေးရှားနိုင်ငံသူ မစ်ရှဲလ်ယိုး (Michelle Yeoh) ဟာ အာရှ အမျိုးသမီး အနုပညာရှင်တွေထဲမှာ ဒီဆုချီးမြှင့်ခံရတဲ့ ပထမဆုံးအမျိုးသမီး သရုပ်ဆောင် ဖြစ်ပါတယ်။

ဒီနှစ် မတ်လထဲ ကျင်းပခဲ့တဲ့ ၉၅ ကြိမ်မြောက် ဟောလိဝုဒ် ရုပ်ရှင် အကယ်ဒမီပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ရရှိခဲ့တဲ့ မလေးရှားနိုင်ငံသူ မစ်ရှဲလ်ယိုး (Michelle Yeoh) ဟာ အာရှ အမျိုးသမီး အနုပညာရှင်တွေထဲ ဒီဆုချီးမြှင့်ခံရတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်ပါတယ်။ ဟောလိဝုဒ် အနုပညာလောကထဲ ထိုးဖောက် နေရာရဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး သူ့အသက် ၆၀ မှာမှ ခုလိုဆုကြီး ထိုက်ထိုက်တန်တန် ရခဲ့တာပါ။ ကမ္ဘာကျော် Golden Globe ရွှေကမ္ဘာလုံးဆု နဲ့ Cannes ရုပ်ရှင်ပွဲတော်မှာ အမျိုးသမီး အနုပညာရှင်တွေကို သီးခြား ဂုဏ်ပြုတဲ့ Women in Motion ဆုတွေကိုပါ ဒီနှစ် ချီးမြှင့်ခံရတဲ့ မစ်ရှဲလ်ယိုး ဟာ အာရှနွယ်ဖွား အမျိုးသမီးတွေ လူငယ်တွေအတွက် ဘယ်လို လေးစားအတုယူစရာ ဖြစ်လာခဲ့ပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ကမ္ဘာကျော် James Bond ရုပ်ရှင်ဇာတ်လမ်း “Tomorrow Never Dies” နဲ့ နာမည်ကြီး တရုတ်သိုင်းကား “Crouching Tiger, Hidden Dragon” ဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း မစ်ရှဲလ်ယိုး ကို သိကြမှာပါ။ ဟောင်ကောင် အကြမ်းအရမ်း action ဇာတ်လမ်းတွေမှာ စတင်ပါဝင်ရင်း အနုပညာလောကထဲ အခိုင်အမာ နေရာ ရလာခဲ့တဲ့ Michelle Yeoh ဟာ ဒီနှစ် ၂၀၂၃ ခုနှစ်မှာတော့ အအောင်မြင်ဆုံး အာရှ အမျိုးသမီး အနုပညာရှင်လို့ ပြောရင် မှားမယ်မထင်ပါဘူး။

“Everything Everywhere All at Once” ရုပ်ရှင်ဇာတ်ကားနဲ့ ဒီနှစ် ဟောလိဝုဒ်ရဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အော်စကာဆု ကိုရော၊ ကမ္ဘာကျော် Golden Globe ရွှေကမ္ဘာလုံးဆုကိုပါ ရလိုက်တဲ့အပြင် ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အားကျအတုယူစရာ အမျိုးသမီးတွေကို သီးခြားဂုဏ်ပြုတဲ့ Women in Motion ဆု ချီးမြှင်ခံရသူ ဖြစ်ပါတယ်။ ဇာတ်ကောင်နေရာ အလိုက် အပီပြင်ဆုံးနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ သူ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေနဲ့ အနုပညာလောကထဲမှာ နှစ်ပေါင်းများစွာ မဆုတ်မနစ် ကြိုးပမ်း အားထုတ်ခဲ့တာတွေ အတွက် ထိုက်ထိုက်တန်တန် ဂုဏ်ပြု အသိအမှတ်ပြု ခံရတဲ့ နှစ် လို့ ပြောရမှာပါ။

"အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းပြီး မတူကွဲပြားတဲ့ နေရာစုံက လာကြသူတွေ၊ ဆန်းသစ်တဲ့ အတွေးအခေါ် ရှိကြတဲ့ ရုပ်ရှင်သမားတွေနဲ့ အတူလက်တွဲ အလုပ် လုပ်ခွင့် ဆက်တိုက် ရခဲ့တာက ကျမအတွက် တကယ့်ကို ကောင်းချီးမင်္ဂလာတခုပါ။ ဒီလိုအခြေအနေတွေ ကြောင့်လည်း ကျမ အမှန်တကယ် ယုံကြည်တဲ့အရာတခုမှာ မဆုတ်မနစ် ဆက်ပြီး ရပ်တည်နိုင်တာဖြစ်ပါတယ်။ မတူကွဲပြားမှုတွေနဲ့ ကိုယ်စားပြုခွင့် တွေ ရှိရမယ်လို့ ယုံကြည်သလို၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်အားကို ယုံကြည်ပါတယ်။ အမျိုးသမီးဖြစ်လို့ အားနွဲ့တယ် ဆိုတာမျိုး ကျမ ဘယ်တော့မှ မခံယူပါဘူး။”

ဒီနှစ် ဟောလိဝုဒ်ရဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ချီးမြှင်ခံခဲ့ရပြီးတဲ့နောက် သူ့မွေးရပ် မလေးရှားနိုင်ငံကို ပြန်လာပြီး ပရိသတ်တွေနဲ့ ပထမဆုံး တွေ့ဆုံ နုတ်ဆက်တဲ့ပွဲမှာ မစ်ရှဲလ်ယိုး ပြောသွားတာပါ။ ဟောလိဝုဒ် အနုပညာလောကမှာ လူနည်းစုဝင် အာရှနွယ်ဖွား အမျိုးသမီးတယောက် အနေနဲ့ နေရာတခုရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး အသက် ၆၀ ကျော်မှ အော်စကာဆုကြီး ထိုက်ထိုက်တန်တန် ရခဲ့တဲ့ မစ်ရှဲလ်ယိုး က ကိုယ်ယုံကြည်ရာ အလုပ်တခုအတွက် ဘယ်တော့မှ နောက်မဆုတ်ဖို့ အမျိုးသမီးတွေ နဲ့ မျိုးဆက်သစ်လူငယ်တွေကို အားပေးစကား ပြောခဲ့ပါတယ်။

အမျိုးသမီးဖြစ်လို့ ဒီလိုနေရမယ်၊ ဒီလိုလုပ်ရမယ်ဆိုတဲ့ ပုံစံခွက်ထဲမှာ မနေကြဖို့လည်း အမျိုးသမီးတွေကို သူက တိုက်တွန်းခဲ့ပါတယ်။

"အမျိုးသမီးတွေ အတွက် ဘယ်အရွယ်ကမှ ဆန်း အတက်ဆုံး အရွယ် ဆိုပြီး သတ်မှတ် ပြောဆိုကြတာတွေ ပြောင်းလဲ သင့်ပါပြီ။ တကယ်ကို ပြောင်းသင့်ပါပြီ။ ကိုယ့်ကို ပုံစံခွက်ထဲ ထည့်တာကို လက်မခံသင့်ပါဘူး။”

ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် ကြိုးစားရင် အသက်အရွယ်မရွေး ဆန်းတက်လာနိုင်တယ်.. အောင်မြင်မှု ရနိုင်သေးတယ် ဆိုတာကို အသက် ၆၀ ကျော်သွားပြီဖြစ်တဲ့ မစ်ရှဲလ်ယိုး က သက်သေ ပြလိုက်တာပါ။ သူဟာ အာရှသူ အာရှသားတွေ အတွက်သာ မကဘဲ ကမ္ဘာတဝန်းက တခြားသော အနုပညာရှင်တွေ၊ အမျိုးသမီးတွေ၊ အရွယ်ရပြီးတဲ့ အနုပညာရှင်တွေအတွက်ပါ ခွန်အားပေးနိုင်တဲ့သူ တယောက်လည်း ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်လဲ ဒီလို အနုပညာ လောကထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ မျိုးဆက်သစ် လူငယ်တွေ၊ အမျိုးသမီးတွေ အတွက် အားကျ အတုယူစရာကောင်းတဲ့ အမျိုးသမီး အနုပညာရှင်တွေကို ဂုဏ်ပြုတဲ့ Women in Motion Award ဆုကို ဒီနှစ်မှာ Michelle Yeoh ရရှိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ကန်း (Cannes) ရုပ်ရှင်ပွဲတော်မှာ ၂၀၁၅ ခုနှစ်ကစလို့ နှစ်စဉ် ချီးမြှင့်လာခဲ့တဲ့ Women in Motion အထင်ကရ ဆု ချီးမြှင့်ခံရချိန်မှာ မစ်ရှဲလ်ယိုး က အထူး ဂုဏ်ယူ ဝမ်းမြောက်ရတဲ့အကြောင်း ပြောသွားပါတယ်။

"ဒီလို ဂုဏ်ပြုဆုက ကျမအတွက် အများကြီး အဓိပ္ပါယ်ရှိပါတယ်။ အမျိုးသမီးတွေ တန်းတူညီမျှ အခွင့်အရေး ရဖို့ ထုတ်ဖော်ပြောဆိုသူတွေ၊ ဆက်လက် ကြိုးပမ်း အားထုတ်နေကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ဆု ဖြစ်တာကြောင့် ဒီဆုဟာ ကျမအတွက် အင်မတန်မှ အရေးကြီးတဲ့ ဆုပါ။ ဒီဆု ရတဲ့အပေါ် မယုံနိုင်လောက်အောင်ကို ခံစားရပါတယ်။”

မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကန်း (Cannes) ရုပ်ရှင်ပွဲတော် ပါတီညမှာ နာမည်ကြီး ဟောလိဝုဒ် မင်းသား မင်းသမီးတွေ၊ ရုပ်ရှင်လောကသား အကျော်အမော်တွေ ကလည်း မစ်ရှဲလ်ယိုး ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုခဲ့ကြပါတယ်။

မစ်ရှဲလ်ယိုး ဟာ သူ့လိုပဲ အနုပညာ လောကမှာ အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီး နှစ်ပေါင်းများစွာ ရုပ်ရှင် ဇာတ်လမ်း အမြောက်အများမှာ ပါဝင်ခဲ့ပြီးတော့ ခုလို အောင်မြင် ကျော်ကြားလာခဲ့ရတာ ဖြစ်တယ်လို့ မက္ကဆီကိုဖွား ဟောလိဝုဒ် မင်းသမီး Salma Hayek က ပြောပါတယ်။

"ရှင်တို့ သိကြတဲ့အတိုင်းပဲ ကျမတို့ နှစ်ဦးလုံးက ဒီမှာတော့ လူနည်းစုဝင်တွေ ဖြစ်ပါတယ်။ သူဟာ ကျမလိုပဲ ဖြတ်သန်းရတဲ့ သူတယောက်ပါ။ ကျမတို့ ကြံ့ကြံ့ခံ တိုက်ပွဲဝင် ရှင်သန်နိုင်ခဲ့ပါတယ်။ ကျမ အတွက် သူဟာ လေးစား အတုယူရသူ တယောက်ပါ။ ခက်ခဲတဲ့ အချိန်တွေ ကြုံခဲ့ပေမဲ့ သူ့ရဲ့ အနုပညာ ပါရမီကို ဘယ်သူမှ လစ်လျူရှု မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး။ သူဟာ လင်းလက် တောက်ပနေတဲ့ အလင်းတန်းတခုလိုပါပဲ။”

ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Cannes ရုပ်ရှင်ပွဲတော်မှာ ချီးမြှင့်တဲ့ဆုတွေထဲက တခုဖြစ်တဲ့ Women in Motion ဆုဟာ ရုပ်ရှင် အနုပညာ ဖျော်ဖြေရေးနယ်ပယ်မှာ ရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အများ အာရုံစိုက် သိလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ မစ်ရှဲယို မတိုင်ခင် ဒီဆု ချီးမြှင့်ခံရဖူးသူတွေထဲမှာ ဟောလိဝုဒ် မင်းသမီးကြီး Jane Fonda ၊ ကမ္ဘာကျော် တရုတ်ရုပ်ရှင် မင်းသမီး Gong Li နဲ့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင် တဦးလည်းဖြစ်၊ ရုပ်ရှင်ထုတ်လုပ်သူ တဦးလည်း ဖြစ်တဲ့ Viola Davis တို့ ရခဲ့ဖူးပါတယ်။

မစ်ရှဲလ်ယိုး လိုပဲ နိုင်ငံတကာ ရုပ်ရှင်လောကထဲ ထိုးဖောက်နေရာယူနိုင်ခဲ့တဲ့ တရုတ် မင်းသမီး Gong Li ကလည်း မစ်ရှဲလ်ယိုး ဟာ အာရှ အနုပညာရှင်တွေ၊ လူငယ်မျိုးဆက်သစ်တွေ အတွက် မျှော်လင့်ချက်တွေ အများကြီး ဖန်တီးပေးနိုင်သူ ပါပဲလို့ ချီးကျူး ပြောကြားခဲ့ ပါတယ်။

"အော်စကာ နဲ့ ရွှေကမ္ဘာလုံးဆုတွေ ရခဲ့တဲ့ Michelle Yeoh အတွက် ကျမ အထူး ဂုဏ်ယူ ဝမ်းမြောက်ရပါတယ်။ အင်မတန်မှကို ထူးခြားတဲ့ ခရီးရည်ကြီးတခု အောင်မြင်မှုရတာမို့ ဂုဏ်ယူပါတယ်။ ဒီလောကထဲမှာရှိနေတဲ့ တခြားသော အာရှ အနုပညာရှင်တွေ အတွက်လည်း အင်မတန် အားတက်စရာ ကောင်းပါတယ်။ ကိုဗစ်ကပ်ဘေးအလွန် ရုပ်ရှင်လုပ်ငန်းတွေ ပြန်စချိန်ကစလို့ ခုလောက် စိတ်လှုပ်ရှားစရာ ကောင်းတာ မရှိခဲ့ပါဘူး။ သူ အခုလို ချီးမြှင့်ခံရတာဟာ ကျမတို့လို အာရှ အနုပညာရှင်တွေ အတွက်တင် မဟုတ်ပါဘူး။ ကမ္ဘာတဝန်းမှာရှိတဲ့ အမျိုးသမီးတွေရော တခြား သူတွေ အားလုံးအတွက်ပါ အင်မတန် အားတက်စရာ ကောင်းပါတယ်။ ဒါကြောင့် သူ့အတွက် အင်မတန်မှကို ပျော်ရွှင်ရသလို၊ အများကြီး ဂုဏ်ယူရပါတယ်။”

ဒီလို ဝမ်းသာ ဂုဏ်ယူသူတွေထဲမှာ မစ်ရှဲလ်ယိုး ရဲ့ မွေးရပ်မြေက မလေးရှားနိုင်ငံသူ နိုင်ငံသားတွေနဲ့ အာရှက ပရိသတ်တွေကတော့ ထိပ်ဆုံးကလို့ ပြောရမှာပါ။

"သူ အခုလို အော်စကာဆု ရလိုက်တာက တကယ့်ကို မမေ့နိုင်မယ့် သမိုင်းဝင် အခိုက်အတန့် လို့တောင် မလေးရှားတနိုင်ငံလုံး ကိုယ်စား ပြောလို့ရလိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ဘာလို့လဲဆို သူ အခုလို အောင်မြင်မှုကြီး ရလိုက်တာက မလေးရှားနိုင်ငံတခုတည်းမှာတင် မဟုတ်ပါဘူး။ အာရှဒေသ တခုလုံးအတွက်ပါ ပထမဆုံး ဖြစ်ပါတယ်။ နှစ်ပေါင်း များစွာ အတွင်း ပထမဆုံး အာရှ အမျိုးသမီးတဦး ချီးမြှင့်ခံရတာပါ။ ဒါကြောင့် အင်မတန်ကို ဂုဏ်ယူစရာ အခိုက်အတန့်ပါ။ အမျိုးသမီးတွေကိုလည်း သူက ကိုယ့်ကိုယ်ကို နှိမ်ချ မနေကြဖို့ ပြောသွားပါသေးတယ်။ အမျိုးသမီးတွေအတွက်တော့ အင်မတန် အားတက်စရာ လို့ထင်ပါတယ်။”

"ကျနော်တို့ အလွန်ပဲ ဝမ်းမြောက်ရပါတယ်။ သူ့ရဲ့အနုပညာ အားထုတ်မှုတွေ နောက်ဆုံး အသိအမှတ်ပြု ခံလိုက်ရတာပါပဲ။ နောက်ထပ် အောင်မြင်မှုတွေ အများကြီး ထပ်ရဖို့လည်း မျှော်လင့်ပါတယ်။”

"သူအောင်မြင်သလို ဘယ်သူမှ မအောင်မြင်သေးပါဘူး။ ကမ္ဘာနဲ့ချီပြီး ခုလို အောင်မြင်မှု ရလိုက်တာက တခြား သူတွေအတွက်လည်း အလားတူ အောင်မြင်မှုတွေ ရလာအောင် လမ်းဖွင့်ပေးလိုက်တာပါပဲ။”

"အာရှ မင်းသမီးတလက် ခုလို အကယ်ဒမီဆုကြီး ပထမဆုံး ရသွားတယ် ကြားတော့ ကျမ တကယ်ပဲ ဝမ်းသာရပါတယ်။”

မစ်ရှဲလ်ယိုး ဟာ အော်စကာဆုရချိန်မှာ အသက် ၆၀ ပြည့်ပြီးပါပြီ။ မလေး တရုတ် မိဘနှစ်ပါးကနေ မွေးဖွားလာတဲ့ မလေးရှားနိုင်ငံသူ မစ်ရှဲလ်ယိုး ဟာ တရုတ်နဲ့ အင်္ဂလိပ်စကားတွေကိုပါ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သူပါ။ ငယ်ငယ်က ဘဲလေးအက ဝါသနာပါခဲ့ပြီး ကျောရိုးမှာ ဒဏ်ရာရပြီးတဲ့နောက် ဘဲလေး ကချေသည် ဖြစ်ချင်တဲ့သူ့ရဲ့ အိပ်မက်ကို စွန့်လွှတ်ခဲ့ရသူပါ။ အသက် ၂၀ အရွယ်မှာ မလေးရှား အလှမယ်ဆု ရခဲ့ပြီး ၁၉၈၃ ခုနှစ် ကမ္ဘာ့အလှမယ် ပြိုင်ပွဲမှာ မလေးရှားနိုင်ငံ ကိုယ်စားပြု ဝင်ပြိုင်ခဲ့ဖူးပြီး နံပါတ် ၈ နေရာအထိ ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ရုပ်သံ ကြော်ငြာတခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ ပြီးတဲ့နောက် ဟောင်ကောင်ရုပ်ရှင်လောကထဲ ရောက်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်ကာလတွေမှာတော့ ဟောင်ကောင် အနုပညာနယ်မှာ နာမည်ရ မင်းသမီးတလက် ဖြစ်လာခဲ့သလို၊ ၁၉၉၇ ခုနှစ်က နာမည်ကြီး James Bond ဇာတ်ကား Tomorrow Never Dies မှာ ပါဝင် သရုပ်ဆောင်ခွင့်ရခဲ့ပြီး ဟောလိဝုဒ်အထိ ထိုးဖောက်နိုင်ခဲ့တာပါ။

၂၀၁၁ ခုနှစ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ထားတဲ့ “The Lady” ရုပ်ရှင်ကားမှာလည်း ဒေါ်အောင်ဆန်းစုကြည် နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့ဖူးသလို၊ ကုလသမဂ္ဂ ဖွံ့ဖြိုရေးအစီအစဉ် UNDP ရဲ့ ချစ်ကြည်ရေးသံတမန် အဖြစ်နဲ့ ၂၀၁၈ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရှိရာ သွားရောက်ပြီးတော့လည်း အကူအညီတွေ ပေးခဲ့ဖူးပါတယ်။

အမျိုးသမီးတွေနဲ့ လူနည်းစုတွေအတွက် နေရာ ရဖို့ခက်ခဲနေဆဲ ဖြစ်တဲ့ ဟောလိဝုဒ် အနုပညာနယ်မှာ ခွဲခြား ဆက်ဆံမှုတွေကို တွန်းလှန် ထိုးဖောက်ရင်း အောင်မြင်တဲ့ အနုပညာရှင်တယောက်အဖြစ် ဦးဆောင် လမ်းပြပေးခဲ့တဲ့ မင်းသမီး မစ်ရှဲလ်ယိုး ဟာ အာရှနွယ်ဖွားတွေ အတွက်သာမက ကမ္ဘာတဝန်းက အမျိုးသမီးတွေ၊ မျိုးဆက်သစ် လူငယ်တွေ အတွက်လည်း လေးစားအတုယူစရာ စံပြ အမျိုးသမီးတယောက် ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG