သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မင်းသမီးမီရှဲလ်ယိုး အိုလံပစ်ကော်မတီဝင် ကမ်းလှမ်းခံရ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ သတင်းစာရှင်းလင်းပွဲတခုမှာတွေ့ရတဲ့ အော်စကာဆုရ မလေးရှားနွယ်ဖွား မင်းသမီး Michelle Yeoh (ဧပြီ ၁၈၊ ၂၀၂၃)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ သတင်းစာရှင်းလင်းပွဲတခုမှာတွေ့ရတဲ့ အော်စကာဆုရ မလေးရှားနွယ်ဖွား မင်းသမီး Michelle Yeoh (ဧပြီ ၁၈၊ ၂၀၂၃)

အော်စကာဆုရှင် မလေးရှားမင်းသမီး မီရှဲလ်ယိုးကို နိုင်ငံတကာအိုလံပစ်ကော်မတီ IOC မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခံရပါတယ်။ မီရှဲလ်ယိုးဟာ ဒီနှစ်မှာပဲ “Everything Everywhere All at Once” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု အကယ်ဒမီရခဲ့တာပါ။ မင်းသမီးမီရှဲလ်ယိုးလိုအပါအဝင် နိုင်ငံတကာ အိုလံပစ်ကော်မတီမှာ အဖွဲ့ဝင်သစ်ဖြစ်ဖို့ လူ ၈ ‌ယောက်ရှိပြီး သူတို့ကို နောက်လ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ကျင်းပတဲ့အစည်းအဝေးမှာ အတည်ပြုပေးရမှာပါ။ လောလောဆယ် IOC မှာ ဖိတ်ကြားခံအဖွဲ့ဝင် ၉၉ ယောက်ရှိပြီး နိုင်ငံတော်ဝင် ပုဂ္ဂိုလ်တွေ၊ အားကစားသမားဟောင်းတွေ၊ အားကစားအရာရှိတွေနဲ့ နိုင်ငံရေး၊ စီးပွားရေးတို့က ထိပ်တန်းပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ သူတို့ရဲ့ အဓိကတာဝန်က IOC အုပ်ချုပ်ရေးအဖွဲ့နဲ့ အမှုဆောင်ဘုတ်အဖွဲ့တို့က ပဏာမ ရွေးချယ်ပေးတားတဲ့ထဲကမှ နွေရာသီအိုလံပစ်နဲ့ ဆောင်းရာသီ အိုလံပစ် အတွက် အိမ်ရှင်အဖြစ် ကျင်းပပေးမယ့်နိုင်ငံတွေကို အတည်ပြုရွေးချယ်ပေးရတာ ဖြစ်ပါတယ်။

မင်းသမီးမီရှဲလ်ယိုးက ကုလသမဂ္ဂနဲ့လည်း အလုပ်လုပ်ဖူးတာ ရှိပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူ့နိုင်ငံ မလေးရှားကို ကိုယ်စားပြုပြီး တက်ရောက်တာက တခေါက်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP အတွက် ချစ်ကြည်ရေးသံတမန်အဖြစ် တခေါက် ဖြစ်ပါတယ်။

အားကစားနဲ့ပတ်သက်ရင်တော့ သူ့ရဲ့ ခင်ပွန်းနဲ့ဆက်နွယ်ပြီး ပတ်သက်တာပါ။ ခင်ပွန်းဖြစ်တဲ့ Jean Todt ဟာ ဖော်မြူလာဝမ်းကားပြိုင်ပွဲမှာ ဖရာရီပြိုင်ကားအသင်း ပိုင်ရှင်ဟောင်းဖြစ်ပြီး FIA လို့ ပြင်သစ်လိုအတိုကောက်ခေါ်တဲ့ မော်တော်ကားမောင်းအားကစား ကြီးကြပ်ရေးအသင်းရဲ့ အရင်က ဥက္ကဋ္ဌဖြစ်ပါတယ်။

XS
SM
MD
LG