သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာဆုရှင် မီရှဲလ်ယိုး မွေးရပ်မြေမလေးရှားမှာ ပရိသတ်နဲ့တွေ့ဆုံ 


Malaysia Oscar Michelle Yeoh
Malaysia Oscar Michelle Yeoh


အော်စကာဆုရှင် မလေးရှားမင်းသမီး မီရှဲလ်ယိုးဟာ သူ့မွေးရပ်မြေ မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့တော်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။ "Everything Everywhere All At Once" ဇာတ်ကားနဲ့ ၂၀၂၃ အကယ်ဒမီဆုရခဲ့တာဖြစ်ပြီး သူ့အောင်မြင်မှုက မလေးရှားနိုင်ငံအတွက် ဂုဏ်ယူစရာအောင်မြင်မှုလည်း ဖြစ်ခဲ့တာကို အသက် ၁၉ နှစ်အရွယ် စစ်တီနူရင်နီဇမ်က အခုလို ပြောပြပါတယ်။

“ကျမတို့ မလေးရှားတနိုင်ငံလုံးအတွက် ပြောတာပါ၊ သူဆုရတာက တကယ့်ကို အမှတ်ရဂုဏ်ယူစရာ၊ သမိုင်းဝင်ဖြစ်ရပ်ပါပဲ။ မလေးရှားကမင်းသမီးတဦး ပထမဆုံးဆုရတာတင်မက အာရှမင်းသမီးတဦး ပထမဆုံးအကြိမ်ရရှိတာပါ။ သူပြောသွားတဲ့စကားတွေကလည်း အမျိုးသမီးတွေအတွက် အရမ်းစိတ်အားတက်စရာဖြစ်ပါတယ်။”

အာရှတိုက်မှာ ပထမဆုံး အော်စကာဆုရှင် မင်းသမီးကြီး မီရှဲလ်ယိုးက ဇာတိမြေမလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ ပရိတ်သတ်နဲ့တွေ့ဆုံစဥ်။ (ဧပီ ၁၈၊ ၂၀၂၃)
အာရှတိုက်မှာ ပထမဆုံး အော်စကာဆုရှင် မင်းသမီးကြီး မီရှဲလ်ယိုးက ဇာတိမြေမလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ ပရိတ်သတ်နဲ့တွေ့ဆုံစဥ်။ (ဧပီ ၁၈၊ ၂၀၂၃)


အသက် ၆၀ အရွယ် မင်းသမီး မီရှဲလ်ယိုးက ပရိတ်သတ်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့သလို ဓာတ်ပုံတွေလည်း တွဲရိုက်ခဲ့ပါတယ်။ မီရှဲလ်ယိုးက အမေရိကန်ဟောလီးဝုဒ်က ရိုက်ကူးထုတ်လုပ်တဲ့ "Everything Everywhere All At Once" ရုပ်ရှင်ဇာတ်ကားမှာ နှစ်ကုန်အခွန်ဆောင်ဖို့ ခက်ခက်ခဲခဲတွက်နေရတဲ့ ပင်မင်းဆိုင်ပိုင်ရှင်အမျိုးသမီး Evelyn Wang နေရာမှာ သရုပ်ဆောင်ပါတယ်။ သူက အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အော်စကာဆုကိုရရှိတဲ့အတွက် ဒီဆုမှာ အာရှမင်းသမီးတဦး ပထမဆုံးအဖြစ် ရတာလည်းဖြစ်ပါတယ်။

သူက တခြားဆုတွေလည်း ရလိုက်တာမို့ အော်စကာဆုအတွက်လည်း ထိပ်ဆုံးက နာမည်ထွက်နေခဲ့တာပါ။ အမေရိကန်အနုပညာရှင်များ အလုပ်သမားသမဂ္ဂ SAG ဆု၊ ရွှေကမ္ဘာလုံးဆုတို့ကို အရင်ရခဲ့တာပါ။ ဒီတခေါက် အော်စကာဆုအတွက် စကာတင်စာရင်းမှာ ပထမဆုံးအကြိမ် ပါတာလည်း ဖြစ်ပါတယ်။

အာရှတိုက်မှာ ပထမဆုံး အော်စကာဆုရှင် မင်းသမီးကြီး မီရှဲလ်ယိုးက ဇာတိမြေမလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ ပရိတ်သတ်နဲ့တွေ့ဆုံစဥ်။ (ဧပီ ၁၈၊ ၂၀၂၃)
အာရှတိုက်မှာ ပထမဆုံး အော်စကာဆုရှင် မင်းသမီးကြီး မီရှဲလ်ယိုးက ဇာတိမြေမလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ ပရိတ်သတ်နဲ့တွေ့ဆုံစဥ်။ (ဧပီ ၁၈၊ ၂၀၂၃)


"Everything Everywhere All At Once" ဇာတ်ကားကလည်း ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုရရှိပြီး ငွေကြေးအားဖြင့်လည်း အမြတ်ရတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။ အကောင်းဆုံးဇာတ်ကား အော်စကာဆုလည်း ရရှိပါတယ်။

မီရှဲလ်ယိုးဟာ ၁၉၉၀ နှစ်ပိုင်းတွေက ဟောင်ကောင်အက်ရှင်ဇာတ်ကားတွေနဲ့ စပြီးနာမည်ကြီးလာတာခဲ့ပြီး ၁၉၉၇ ဂျိန်းစ်ဘွန်းရုပ်ရှင် Tomorrow Never Dies ဇာတ်ကားနဲ့ ဟောလီးဝုဒ်ကို ရောက်လာတာပါ။ အဲဒီကစပြီး ငွေကြေးအကုန်အကျခံ ရိုက်ကူးတဲ့ အက်ရှင်ရုပ်ရှင်ကားကြီးတွေမှာ ဆက်တိုက်ပါဝင်သရုပ်ဆောင်ပြီး သူ့ရဲ့ အနုပညာ ပါရမီကို လူတိုင်းက အသိအမှတ်ပြုကြရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သတ်ရင်လည်း The Lady ဆိုတဲ့ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည် နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။

XS
SM
MD
LG