သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရုပ်ရှင်အော်စကာ ရွှေမြင်းဆုပေးပွဲ ကိုဗစ်ရုပ်ရှင်ဆုရ


ထိုင်ဝမ်မှာ ၆၁ကြိမ်မြောက် ကျင်းပတဲ့ ရွှေမြင်းရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆုရ An Unfinished Film ရဲ့ သရုပ်ဆောင်နဲ့ ရိုက်ကူးရေးအဖွဲ့ဝင်များ (နိုဝင်ဘာ ၂၃၊ ၂၀၂၄)
ထိုင်ဝမ်မှာ ၆၁ကြိမ်မြောက် ကျင်းပတဲ့ ရွှေမြင်းရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆုရ An Unfinished Film ရဲ့ သရုပ်ဆောင်နဲ့ ရိုက်ကူးရေးအဖွဲ့ဝင်များ (နိုဝင်ဘာ ၂၃၊ ၂၀၂၄)

ထိုင်ဝမ်မှာ ကျင်းပတဲ့ ၂၀၂၄ ရွှေမြင်းဆုပေးပွဲမှာတော့ တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ဘေးအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားနဲ့ လိင်တူချစ်သူတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေက အဓိက ဆုကြီးတွေ ဆွတ်ခူးသွားပါတယ်။ ၂၀၂၄၊ နိုဝင်ဘာ ၂၃ ရက် စနေနေ့မှာ ကျင်းပသွားတဲ့ ရွှေမြင်းဆုပေးပွဲက တရုတ်စကားပြောရုပ်ရှင်လောကရဲ့ အော်စကာလို့ တင်စားခေါ်ဆိုကြတာပါ။

ထိုင်ဝမ်မှာက တရုတ်နိုင်ငံလို တင်းကြပ်တဲ့ စာပေစိစစ်ရေးစနစ် မရှိတာမို့ ထိုင်ဝမ်ရဲ့ ရွှေမြင်းဆုပေးပွဲမှာ ရုပ်ရှင်အမျိုးအစား အစုံအလင် ပါဝင်တတ်ပါတယ်။

တရုတ်ရုပ်ရှင်ဒါရိုက်တာ လူရဲ ရဲ့ "An Unfinished Film" ဆိုတဲ့ ကိုဗစ်ကပ်ဘေးကြောင့် အိမ်ပြင်မထွက်ရ တားမြစ်ကာလအကြောင်း ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်နဲ့ အကောင်းဆုံးဒါရိုက်တာဆု ရရှိသွားပြီး ဒါရိုက်တာက ဂျပန်ကို အလုပ်နဲ့ရောက်နေလို့ သူ့ဇနီး မာရင်းလီက ကိုယ်စားလက်ခံခဲ့ပါတယ်။

ဟောင်ကောင်မင်းသမီး Chung Suet-ying ချန်ဆွတ်ရင်းက "The Way We Talk" ရုပ်ရှင်ဇာတ်ကားမှာ နားမကြားတဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။

တရုတ်ဒါရိုက်တာ Geng Jun ဂျင်ဂျွန်းရဲ့ အဖြူအမဲရုပ်ရှင် "Bel Ami" က ပြင်သစ်မှာ ရိုက်ကူးထားတာ ဖြစ်ပေမယ့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံးရုပ်ရှင်ရိုက်ကူးဆုမှုနဲ့ အကောင်းဆုံး တည်းဖြတ်မှုဆုတွေ ရရှိသွားပါတယ်။

တိုင်ဝမ်မှာ ၆၁ကြိမ်မြောက် ကျင်းပတဲ့ ရွှေမြင်းရုပ်ရှင်ဆုပေးပွဲမှာ ပြသခွင့်ရတဲ့ မြန်မာရုပ်ရှင် MA: Cry of Silence ရဲ ဒါရိုက်တာ သည်မော်နိုင် (နိုဝင်ဘာ ၁၇၊ ၂၀၂၄)
တိုင်ဝမ်မှာ ၆၁ကြိမ်မြောက် ကျင်းပတဲ့ ရွှေမြင်းရုပ်ရှင်ဆုပေးပွဲမှာ ပြသခွင့်ရတဲ့ မြန်မာရုပ်ရှင် MA: Cry of Silence ရဲ ဒါရိုက်တာ သည်မော်နိုင် (နိုဝင်ဘာ ၁၇၊ ၂၀၂၄)

မြန်မာဒါရိုက်တာ သည်မော်နိုင် ဖန်တီးတဲ့ “MA-Cry of Silence” ရုပ်ရှင်ကား၊ ပဋိပက္ခကာလ အထည်ချုပ်ဝန်ထမ်း အမျိုးသမီးငယ်လေး ရင်ဆိုင်ရတဲ့ ဘဝအခက်အခဲတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဟာလည်း ရွှေမြင်းဆုပေးပွဲမှာ ဂုဏ်ပြုထည့်သွင်းထားတဲ့ NETPAC ဆုအမျိုးအစားမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အာရှက ထွန်းသစ်စဒါရိုက်တာတွေကို အားပေးတဲ့အနေနဲ့ ၂၀၀၇ ခုနှစ်ကစပြီး ထိုင်ပေရွှေမြင်းရုပ်ရှင်ပွဲတော်က ဒီဆုကိုထည့်သွင်း ချီးမြှင့်တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကို သူတို့ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံကတော့ ၂၀၁၉ ခုနှစ်က သူတို့ဆီမှာရိုက်ကူးထဲ့ ရုပ်ရှင်ကားတွေ ထိုင်ဝမ်မှာ နှစ်စဉ်ကျင်းပတဲ့ ရွှေမြင်းဆုပေးပွဲမှာ တရားဝင်ပါဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဆုပေးပွဲမှာ ထိုင်ဝမ်ဒါရိုက်တာ ဖူရွေးက ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံတဲ့ မှတ်ချက်ပေးခဲ့လို့ တရုတ်နိုင်ငံနဲ့ တရုတ်အနုပညာရှင်တွေကြား အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့ပြီးနောက် တရုတ်အစိုးရက ဒီလိုပိတ်ပင်လိုက်တာပါ။ တရုတ်အစိုးရအတွက် ထိုင်ဝမ်လွတ်လပ်ရေးက လုံးဝလက်မခံနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံမှာ ပိတ်ပင်ထားတဲ့ ဒါမှမဟုတ် အများကိုပြသဖို့ ဖြန့်ချီခွင့်မရတဲ့ ရုပ်ရှင်ကားတွေကတော့ ရွှေမြင်းဆုပေးပွဲမှာ ဆက်လက်ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ၁၉၆၂ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ရွှေမြင်းဆုပေးပွဲဟာ တရုတ်စကားပြောရုပ်ရှင်လောကမှာ တကယ့်ဂုဏ်သိက္ခာရှိတဲ့ ဆုပေးပွဲတခုအဖြစ် သတ်မှတ်ခံထားရပြီး တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်က ရုပ်ရှင်တွေ အဓိက ပါဝင်ယှဉ်ပြိုင်လေ့ရှိပါတယ်။

Forum

XS
SM
MD
LG