သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဆော်သြသူ အနုပညာရှင် Jane Birkin ကွယ်လွန်


Jane Birkin
Jane Birkin

မြန်မာနိုင်ငံနဲ့ အီရန်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကူညီခဲ့တဲ့ ပြင်သစ်နိုင်ငံက ဗြိတိန်ဖွား နာမည်ကြီး အဆိုတော်လည်းဖြစ် ထင်ရှားတဲ့ ရုပ်ရှင် သရုပ်ဆောင်လည်းဖြစ်တဲ့ Jane Birkin ဟာ ပါရီမြို့မှာ မနေ့က ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ် ရှိပါပြီ။

"သံဃာတော်တွေ လမ်းမပေါ်မှာ လဲကျနေတာ၊ သူတို့ကို သယ်သွားတာတွေ ကျမတို့ မြင်တွေ့နေရပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေမှာ သွေးတွေ စွန်းထင်နေပါတယ်။ ဖြစ်ပျက်နေတာတွေကို ကျမတို့ သိပါတယ်။ ဘာမှ မသိဘူးလို့ ပြောလို့မရပါဘူး" ဆိုပြီး ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှာ သံဃာ့လှုပ်ရှားမှု နှိမ်နှင်းခံရတဲ့အချိန် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီဖို့ Jane Birkin ပန်ကြားခဲ့တာပါ။

မြန်မာနိုင်ငံအရေးမှာ ဥရောပအနေနဲ့ စကားလုံးတွေသက်သက်နဲ့ ပြောမနေဘဲ လက်တွေ့ ကူညီကြဖို့ ဆော်ဩခဲ့ဖူးသလို ၂၀၁၀ ခုနှစ် မတိုင်ခင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က ပြင်သစ်နိုင်ငံက နာမည်ကြီး သရုပ်ဆောင်တွေနဲ့ လက်တွဲပြီး အီရန်နိုင်ငံမှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆံပင်တွေကို ဖြတ်ပြတဲ့ လှုပ်ရှားမှုမှာ Jane Birkin ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က အင်္ဂလိပ်ဘာသာနဲ့ The Railroad Lady လို့ ထင်ရှားတဲ့ La femme et le TGV ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆု စကာတင် အမည်စရင်း တင်သွင်းခံခဲ့ရသလို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပြင်သစ်ဘာသာနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ တေးသီချင်း Album တော်တော်များကို သီဆိုထုတ်လုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က လေဖြတ်တဲ့ ဝေဒနာကို ခံစားခဲ့ရတာကြောင့် ရုပ်မြင်သံကြားမှာ ပါဝင်သရုပ်ဆောင်တာတွေ ရပ်ဆိုင်းခဲ့သလို၊ ကျန်းမာရေးအခြေအနေကြောင့် ဒီနှစ်ပိုင်း သရုပ်ဆောင်အလုပ်တွေ တော်တော်များများ ရပ်ဆိုင်းခဲ့ရပါတယ်။ Jane Birkin အတွက် အမှတ်တရ လူမှုကွန်ယက်ကတဆင့် အောက်မေ့ဘွယ် ဂုဏ်ပြု အစီအစဉ်တွေကို ပြင်သစ်သမ္မတ Emmanuel Macron တိုင် ဦးဆောင် စီစဉ် ဆောင်ရွက်ပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG