သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာ ညီပုလေး ကွယ်လွန်


ဗွီအိုအေမြန်မာပိုင်းရဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်းတွေ့ရတဲ့ စာရေးဆရာ ညီပုလေး (ဇန်နဝါရီ၊ ၂၀၂၀)
ဗွီအိုအေမြန်မာပိုင်းရဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်းတွေ့ရတဲ့ စာရေးဆရာ ညီပုလေး (ဇန်နဝါရီ၊ ၂၀၂၀)

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ၊ သတင်းစာဆရာ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့ အငယ်ဆုံးသားဖြစ်သူ စာရေးဆရာ ညီပုလေးဟာ ဒီကနေ့မနက်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ဆရာညီပုလေးဟာ ဝတ္ထုတို၊ ဝတ္ထုရှည်များစွာ ရေးသားခဲ့ပြီး ၂၀၁၆ခုနှစ်မှာ အမျိုးသားစာပေဆုရ ရရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာ ညီပုလေးဟာ နိုင်ငံရေးအကျဥ်းသားဟောင်း တဦးလည်း ဖြစ်ပါတယ်။​ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စာရေးဆရာညီပုလေးဟာ ဒီကနေ့မနက် ၁၀နာရီလောက်က မန္တလေးမြို့မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဆရာညီပုလေးရဲ့ ဈာပနကို သွားရောက်ခဲ့တဲ့ သတင်းသမားတဦးက ဈာပနကို မန္တလေးမြို့က လူထုတိုက်မှာပဲ ပြင်ဆင်ထားကြောင်းနဲ့ သင်္ဂြိုလ်မယ့်နေ့ရက်ကို မသိရသေးကြောင်း VOA ကို အခုလို ပြောပါတယ်။

“၁၂နာရီလောက်မှာ ကျနော် သတင်းကြားလိုက်တော့ မိသားစုကို မေးလိုက်တဲ့အချိန်မှာ ဆရာဆုံးတာ ဟုတ်တယ်လို့ ပြောတယ်။ နှလုံးဖောက်ပြီးတော့ ဖြစ်သွားတာလို့ပြောတော့ ကျနော် ချက်ချင်းသွားလိုက်တယ်။ လူထုတိုက်ကို ရောက်တာပေါ့နော်။ အခုကျနော် သူ့သမီးကို မေးခဲ့တယ်။ ဘယ်အချိန် ဈာပနလုပ်မလဲဆိုတော့ မတိုင်ပင်ရသေးဘူး၊ ဖိတ်စာလည်း မရိုက်ရသေးတဲ့အတွက် အချိန်အတိအကျ မပြောနိုင်သေးဘူးလို့ သူ့သမီးက ပြောပါတယ်ခင်ဗျ။”

မန္တလေးမြို့က စာရေးဆရာညီပုလေးရဲ့ ဈာပန (ဇွန် ၂၁၊ ၂၀၂၃) (ဓါတ်ပုံ ကိုဇာနည်)
မန္တလေးမြို့က စာရေးဆရာညီပုလေးရဲ့ ဈာပန (ဇွန် ၂၁၊ ၂၀၂၃) (ဓါတ်ပုံ ကိုဇာနည်)

ဒီမနက် ကွယ်လွန်သွားတဲ့ ဆရာညီပုလေးဟာ လူထုဦးလှနဲ့ လူထု ဒေါ်အမာတို့ရဲ့ ပဉ္စမမြောက် အငယ်ဆုံး သားဖြစ်ပါတယ်။ ဆရာညီပုလေးဟာ ဝတ္ထုတို၊ ဝတ္ထုရှည်များစွာရေးသားခဲ့သလို မိဘအမွေအနှစ်ဖြစ်တဲ့ လူထု ကြီးပွားရေး စာအုပ်ထုတ်ဝေရေးလုပ်ငန်းကိုလည်း လက်ဆင့်ကမ်း ဆက်လက် ဆောင်ရွက်ခဲ့သူတဦးဖြစ်ပါတယ်။

သူကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး မန္တလေးမြို့ခံစာရေးဆရာ ဆရာဆူးငှက်က စာပေနယ်အတွက် ဆုံးရှုံးမှုတခုအဖြစ် အခုလို ပြောပါတယ်။

“သူက နာမည်ကြီးစာရေးဆရာလည်း ဖြစ်တယ်လေ။ နောက်တခုက ပိုပြီးထင်ရှားတာကတော့ လူထုဦးလှ ၊ လူထုဒေါ်အမာဆိုတဲ့ မိဘနှစ်ပါးရဲ့ အစဉ်အလာနဲ့လည်း သူက အမွေဆက်ခံတဲ့သူပဲ။ တလျောက်လုံးက မိဘတွေကလည်း မြန်မာစာပေအကျိုးအတွက်ရော၊ မြန်မာ့ယဉ်ကျေးမှု အကျိုးအတွက်ရော သတင်းစာလောက၊ စာပေလောကရော ရှေ့ဆောင်ကြီးတွေပဲလေ။ နောက် ဆရာညီပုလေး ကိုယ်နှိုက်ကလည်း မြန်မာဝတ္ထုတို၊ ဝတ္ထုရှည် ထင်ထင်ရှားရှား ရှိခဲ့တဲ့သူပဲလေ။ သူအများကြီး အလုပ်လုပ်နိုင်တယ်။ နောက်တခုက လုပ်ဖို့ဟာတွေလည်း အများကြီး ရှိတဲ့သူပဲလေ။ ရှိတဲ့ပုဂ္ဂိုလ် ဒီလို မထင်မှတ်ဘဲ ဆုံးရှုံးသွားတယ်။ ဆုံးရတယ်ဆိုတာတော့ မြန်မာစာပေလောကအတွက်ရော၊ ယဉ်ကျေးမှုမျက်နှာစာအတွက်ရော အဖက်ဖက်ကပေါ့ဗျာ၊ ဆုံးရှုံးမှုကြီးပါ။ ဆုံးရှုံးမှုကြီးဆိုတာ သူ အလုပ်လုပ်နိုင်သေးလို့ပါ။”

ဆရာညီပုလေးဟာ ၂၀၁၆ခုနှစ်မှာ ရသဟန်နဲ့ရေးသားတဲ့ "ထက်မြက်တဲ့ဓါးသွားပေါ်က ချိုမြမြပျားရည်စက်" လို့ အမည်ရတဲ့ ဆရာဝန်ကြီး နာဂဦးသိန်းလှိုင်အကြောင်း အထုပ္ပတ္တိစာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့ပါတယ်။မြန်မာပြည်က ထင်ရှားသူတွေအကြောင်းကို ရသဟန်အထုပ္ပတ္တိစာအုပ်တွေ ဆက်လက်ရေးသားဖို့ စီစဉ်နေဆဲမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆရာညီပုလေးနဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်ဆုံးကတော့ လူငယ်တွေကို နေရာပေးတာပဲဖြစ်ကြောင်း ဆရာဆူးငှက်က အခုလို ဆက်ပြောပါတယ်။

“အထူးသဖြင့် သူက စာပေမှာ မှန်မှန်ကန်ကန် လုပ်ကိုင်တဲ့ နောက်မျိုးဆက်အတွက် အကုန်လုံး သူက လက်ကမ်းတယ်။ အကူအညီပေးတယ်။ ဒီ ပုခုံးပြောင်းတာဝန်ပေးတယ်ပေါ့ဗျာ။ ဒီလိုပုဂ္ဂိုလ်ပါ။ နောက် အားသာချက်က သူက လူမှုရေးပိုင်း အင်မတန်ကောင်းတယ်ဗျ။ အထူးသဖြင့် သူက မျိုးဆက်သစ်တွေမှာ သူ့ဘေးမှာ သူ အဲလိုပေါ့။ အကူအညီပေးပြီးတော့ ပုခုံးထမ်းတင်ပေးတာတွေ အများကြီးပါ။ အဲဒီအတွက် သူက အင်မတန် တော်ပါတယ်။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ ဗွီအိုအေရုံးချုပ်ကို လာရောက်လည်ပတ်စဉ် တွေ့ရတဲ့ စာရေးဆရာ ညီပုလေး (ဇန်နဝါရီ၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ ဗွီအိုအေရုံးချုပ်ကို လာရောက်လည်ပတ်စဉ် တွေ့ရတဲ့ စာရေးဆရာ ညီပုလေး (ဇန်နဝါရီ၊ ၂၀၂၀)

ဆရာ ညီပုလေးဟာ စာပေလောကမှာ လူသိများ၊​ ထင်ရှာယုံတင်မကဘဲ နိုင်ငံရေးအရလည်း အမှန်တရားဘက်က ရပ်တည်၊​ ပါဝင်ခဲ့သူ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။ တောတွင်း ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ)​ မှာ ရောက်နေတဲ့ အကိုဖြစ်သူ ဖိုးသံချောင်းနဲ့ စာအဆက်အသွယ် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖခင် လူထု ဦးလှ၊ မိခင် လူထု ဒေါ်အမာတို့နဲ့အတူ ၁၉၇၈ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့က ထိန်းသိမ်း ခံခဲ့ရပြီး မန္တလေးထောင်မှာ ၇ လ အချုပ်ခံခဲ့ရပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်၊​ ဒီမိုကရေစီအရေးတော်ပုံ ကာလမှာလည်း ဖမ်းဆီးခံခဲ့ရပြီး သရက်ထောင်မှာ ချုပ်နှောင်ခံခဲ့ဖူးပါတယ်။

ဆရာညီပုလေးဟာ ၁၉၅၂ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့မှာ မွေးဖွားခဲ့ပြီး အမည်ရင်းက ဦးငြိမ်းချမ်း ခေါ် ဘိုညိုဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့စာအုပ်တွေမှာ မြေးသူကြီး၊ ငြိမ်သက်တမိနစ်၊ လမင်းရဲ့ချိုသာတဲ့ လက်ခုပ်သံ ၊ လီဒို ဟူးကောင်းမင်ခြစ်မှတ်စုများ စတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။

သူဟာ အားကစားမှာ မန္တလေးတိုင်းရဲ့ ပဏာမ တိုင်းလက်ရွေးစဉ် ဘောလုံးသမားဖြစ်ပြီး ပန်းချီနဲ့ ဓါတ်ပုံအနုပညာမှာလည်း ဝါသနာကြီးသူ ဖြစ်ပါတယ်။ ငြိမ်းချမ်းစိမ်းလန်းအမည်နဲ့ ဓါတ်ပုံပြပွဲ ကျင်းပဖူးသလို မကွယ်လွန်မီမှာတော့ ပန်းချီကားတွေ အစဉ်တစိုက်ရေးဆွဲနေခဲ့ပါတယ်။ စာရေးဆရာညီပုလေးဟာ ကွယ်လွန်ချိန်မှာ အသက်၇၂ နှစ်ရှိပြီး ဇနီးဒေါ်တင်တင်ဝင်း၊ သားသမီး ၃ယောက်နဲ့ မြေး ၄ယောက် ကျန်ရစ်ခဲ့ပါတယ်။

စာရေးဆရာ ညီပုလေး ကွယ်လွန်
please wait

No media source currently available

0:00 0:04:06 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG