သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူကူရှီးမား နျူကလီယားစက်ရုံထုတ် ရေဆိုး ဘေးကင်းကြောင်း ဂျပန်အာမခံ


Protesters stand outside the Japanese Embassy in Seoul, South Korea, to denounce the release of treated radioactive water into the sea from the damaged Fukushima nuclear power plant, Aug. 24, 2023.
Protesters stand outside the Japanese Embassy in Seoul, South Korea, to denounce the release of treated radioactive water into the sea from the damaged Fukushima nuclear power plant, Aug. 24, 2023.

ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်း အရှေ့မြောက်ပိုင်း ပစိဖိတ်သမုဒ္ဒရာကို မျက်နှာပြုနေတဲ့ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစက်ရုံ ဓာတ်ပေါင်းဖိုမှာ အအေးခံဖို့ အသုံးပြုခဲ့တဲ့ ရေဆိုးတွေကို စွန့်ထုတ်ပြီးနောက်ပိုင်း သမုဒ္ဒရာထဲက ရေတွေကို နမူနာ စစ်ဆေးကြည့်ရာမှာ ရေဒီယိုဓာတ်သတ္တိကြွမှုက လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာ ကောင်းကောင်းရှိနေတယ်လို့ စက်ရုံတာဝန်ရှိသူတွေက သောကြာနေ့က ပြောပါတယ်။

ဓာတ်အားပေးစက်ရုံရဲ့ ၂ မိုင်နီးပါးအတွင်း နေရာ ၁၀ ခုက ရေနမူနာတွေကို ကြာသပတေးနေ့မှာ ရယူစစ်ဆေးခဲ့ကြောင်း တိုကျို လျှပ်စစ်စွမ်းအင်ကုမ္ပဏီ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နမူနာအားလုံးမှာ ဘေးဖြစ်စေတဲ့ ထရစ်တီယမ်ဓာတ် (Tritium)ပါဝင်နှုန်းက သူတို့ သတ်မှတ်ထားတဲ့ ဘက်ခရဲလ် (becquerel) ၇၀၀ အောက်မှာ ရှိနေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ သောက်သုံးရေအတွက် အန္တရာယ်မဖြစ်စေတဲ့ ထရစ်တီယမ် ပါဝင်နှုန်း စံသတ်မှတ်ချက်က becquerel ၁၀,၀၀၀ ကန့်သတ်ထားပါတယ်။ becquerel က ရေဒီယိုသတ္တိကြွမှုမှာ နိုင်ငံတကာအသိအမှတ်ပြု အတိုင်းအတာတခုဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဆူနာမီတုန်းက ပျက်စီးခဲ့တဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကို ပြန်လည် သန့်ရှင်းရေးပြုလုပ်ပြီး ဖျက်သိမ်းဖို့က ရေဆိုးတွေ ဆက်လွှတ်ထုတ်ဖို့ လိုတယ်လို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဆိုးတွေကို ဓာတုအဆိပ် မသင့်အောင် ဘေးကင်းတဲ့ အဆင့်အထိ သန့်စင်ပြီး ထုတ်လွှတ်နေတာပါ။

သောကြာနေ့ အစောပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီဟာ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ရာဖဲလ် ဂရိုစီ (Rafael Grossi)နဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံကာ ရေတွေ စွန့်ထုတ်မှုကို ဆွေးနွေးခဲ့ကြပါတယ်။ ကုလအေဂျင်စီဟာ အရင်လက ဂျပန်ရဲ့ ရေဆိုးထုတ်လွှတ်မယ့် အစီအစဥ◌်ကို အတည်ပြုခဲ့တာပါ။ သောကြာနေ့မှာလည်း ဒီအစီအစဥ် ဘေးကင်းကြောင်း ဂရိုစီက ထပ်လောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီအစီအစဥ်ကို ဂျပန်ပြည်တွင်းမှာလည်း ဆန္ဒပြကန့်ကွက်ခဲ့ကြသလို တရုတ်နိုင်ငံကလည်း ဂျပန်ပင်လယ်စာတွေကို တားမြစ်ကြောင်း ကြေညာခဲ့ပြီး တောင်ကိုရီးယားမှာလည်း နိုင်ငံရေးနှင့် အရပ်ဘက်အဖွဲ့တွေက ကန့်ကွက်ခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာတော့ “ဂျပန်ရဲ့ ဘေးကင်းမှု၊ ပွင့်လင်းမြင်သာရှိမှုနဲ့ သိပ္ပံအခြေပြု လုပ်ငန်းစဉ်တွေကို အမေရိကန်နိုင်ငံအနေနဲ့ ကျေနပ်ကြောင်း” ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG