သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁ နှစ်ပြည့်သွားတဲ့ လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်မှု


စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ်အတွင်း စာသင်ကျောင်းတကျောင်းကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တဦး (စက်တင်ဘာ ၁၇၊ ၂၀၂၂)
စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ်အတွင်း စာသင်ကျောင်းတကျောင်းကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တဦး (စက်တင်ဘာ ၁၇၊ ၂၀၂၂)

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း စာသင်ကျောင်းအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ သေဆုံးတာ ၁ နှစ် ရှိလာပေမယ့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေကတော့ အဖြစ်အပျက်တွေကို မမေ့နိုင်ကြသေးဘူးလို့ ပြောပါတယ်။ ခုလို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မလုပ်နိုင်အောင် စစ်တပ်အပေါ် နောက်ထပ် အရေးယူမှုတွေလုပ်ဖို့လည်း တောင်းဆိုနေကြပါတယ်။ လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်ခံရမှု နှစ်ပတ်လည်အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရဲမွန်က တင်ပြပါမယ်။


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၂ ဦးသေဆုံးတာ စက်တင်ဘာ ၁၆ ရက်ဆို ၁ နှစ်ပြည့်သွားပါပြီ။ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ယက်ကုန်းကျေးရွာမှာရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ စက်တင်ဘာ ၁၄ ရက်က လွမ်းသူပန်း ေခွချပွဲ လုပ်ခဲ့ကြပါတယ်။ ၁ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သူတွေကတော့ အခုချိန်ထိ အဲဒီနေ့က အဖြစ်တွေကို မမေ့နိုင်ကြသေးပါဘူး။ ပစ်ခတ်မှုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက သူ့ကလေး ကြုံတွေ့နေရတဲ့ စိုးရိမ်စိတ်ကို အခုလို ပြောပြပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က အစဖော်ပြီး ဘာမှတော့ မပြောဘူးခင်ဗျ။ ဒါပေမဲ့ လေကြောင်းတွေ လေယာဉ်တွေတော့ အခုချိန်ထိ ခြောက်လှန့်တုန်းပေါ့နော်။ အသံတွေဘာတွေကြားရင် သူက လေကြောင်းကိုတော့ အခုချိန်ထိ သူ့စိတ်ထဲမှာ စွဲကျန်ရစ်တုန်းပေါ့။ ပစ်ခတ်မှုတွေကို ခံစားရတာပေါ့။ မနှစ်က ဒီလိုအချိန် ပစ်ခတ်ခံရတဲ့အချိန် ကျွန်တော့်သား ကိုယ်တိုင် အသက်ဘေးက လွတ်မြောက်ခဲ့တာ ကျွန်တော့်မိသားစုတွေကော အဲ့ဒါတွေကို အတိတ်ကို ပြန်ဆွရင် သေဆုံးသွားတဲ့ ကျွန်တော့်နှမ တဝမ်းကွဲ အဲ့ကလေး တူမလေးဆိုရင် မျက်စိအောက်ကနေ မျက်ဝါးထင်ထင် ပျောက်သွားတာပေါ့။ ကျွန်တော့်သားတွေက စာတွေသင်ပြီးတော့ သူတို့မိဘတွေဆိုရင် သားသမီးမရှိတော့ မိသားစုက အထီးကျန် သွားတာပေါ့။ အဲ့အိမ်တွေသွားရင် ကျွန်တော့်သားကိုမြင်တိုင်း သူတို့က ငိုကြတာပေါ့ဗျာ။”

သူ့ရဲ့ အသက် ၁၁ နှစ်အရွယ် သားက ပစ်ခတ်မှုကနေ လွတ်မြောက်ခဲ့ပေမယ့် သားနဲ့အသက်တူ တူမလေးကတော့ စာသင်ကျောင်းကို လေယာဉ်ပေါ်က ပစ်ခတ်ချိန်မှာ သေဆုံးသွားပါတယ်။ အခုလို ကလေးငယ်တွေ သေဆုံးခဲ့ပြီး လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် နိုင်ငံတကာအနေနဲ့ စစ်တပ်ကို စစ်လက်နက်ပစ္စည်း ရောင်းချတာတွေအပြင် ပိတ်ဆို့တာတွေ အခုထက်ပိုပြီး ချမှတ်ပေးဖို့ ဒေသခံတွေက လိုလားနေပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့ဖို့ လိုလားတာနဲ့ ပတ်သက်လို့ လက်ယက်ကုန်းကျေးရွာသား တဦးက အခုလို ပြောပါတယ်။

“ဒီထက်ပိုမို ပိတ်ဆို့ဖို့ တောင်းဆိုချင်တာ ပြည်တွင်းအရေးဖြစ်နေလို့ နိုင်ငံတကာအနေနဲ့ စွက်ဖက်ပိုင်ခွင့် မရှိဘူးဆိုခဲ့ရင်တောင်မှ ကျွန်တော်တို့ပြည်သူတွေကို နှိပ်စက်လို့ရမယ့် စစ်ကောင်စီ အသုံးပြုနေတဲ့ စစ်လက်နက် မှန်သမျှ စစ်အသုံးအဆောင် လေယာဉ်ဆီကအစ လေယာဉ်ဝယ်တာ ရောင်းတာတွေကအစ လုံးဝကို ပိတ်ဆို့ပစ်စေချင်တယ်။ ဒါမှ ကျွန်တော်တို့ ပြည်သူတွေက အသက်ရှင်သန်ခြင်းသာ လုံလောက်မှာ ဘာကြောင့်လည်းဆိုတော့ သူတို့ လေယာဉ်နဲ့ မလာဘူးဆိုခဲ့ရင်တောင်မှ အဝေးပစ် ၁၂၀ လိုဟာတွေနဲ့ လှမ်းပစ်တာတွေ ရမ်းသန်းပစ်တာတွေပေါ့။ သူတို့က ရမ်းသန်းပစ်ပေမယ့် ပြည်သူတွေမှာကျတော့ ဘာမှ ခုခံလို့မရဘူး ကာကွယ်လို့မရဘူး သူတို့လှမ်းပစ်တဲ့ လက်နက်က ဘယ်ကျလို့ကျမှန်းမသိဘူး။ ရပ်ရွာတွေထဲကျ ပြည်သူတွေလည်း အသက်ဆုံးရှုံးနေတယ်။”

၂၀၂၂ စက်တင်ဘာ ၁၆ ရက်က လက်ယက်ကုန်းကျေးရွာက ကလေးငယ်တွေ စာသင်နေတဲ့ စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ပြီး မြေပြင်ကနေပါ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၁၂ ဦး သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

လေကြောင်းက ပစ်ခတ်လို့ စာသင်ကျောင်းထဲမှာတင် ကလေးငယ် ၅ ဦး သေဆုံးခဲ့ပြီး မြေပြင်ကနေ ဝင်ရောက် စီးနင်းချိန်မှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ကာ စုစုပေါင်း ၁၂ ယောက်အထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကျေးရွာထဲမှာ အကြမ်းဖက်သမားတွေ ရှိတယ်ဆိုတဲ့ သတင်းကြောင့် ဝင်ရောက်စီးနင်းတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲမှာတော့ လေယာဉ်နဲ့ ပစ်ခတ်တဲ့အကြောင်းကို ထည့်သွင်း ဖော်ပြ မထားပါဘူး။

ခုလို စစ်တပ်ဘက်က ပြောတာဟာ မမှန်ကန်ဘဲ၊ ကျေးရွာထဲမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ မရှိဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

စစ်တပ်ဟာ လက်ယက်ကုန်းကျေးရွာကို လေကြောင်းကနေ ပစ်ခတ်ပြီး ၇ လအကြာ ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်မှာတော့ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၃၀ နီးပါး သေဆုံးခဲ့ရပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG