သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးမှာ ရိုဟင်ဂျာပြဿနာပါ ထည့်သွင်းဖြေရှင်းဖို့ အင်ဒို တောင်းဆို


ASEAN-INDONESIA/FMM
ASEAN-INDONESIA/FMM


မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ သီးခြားခွဲထုတ်လို့မရတဲ့ ကိစ္စရပ်တခုအဖြစ် တွဲပါနေတဲ့ ရိုဟင်ဂျာပြဿနာကိုလည်း နိုင်ငံရေးအရအဖြေရှာဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က တောင်းဆိုလိုက်ပါတယ်။

“ရိုဟင်ဂျာပြဿနာကို ဖြေရှင်းတာဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းတဲ့ အစိတ်အပိုင်း ဖြစ်သင့်ပါတယ်”လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ YouTube ချန်နယ်မှာ ထုတ်လွှင့်ခဲ့တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Marsudi က ပြောပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးပန်း ဆွေးနွေးပွဲအဖြစ် ရိုဟင်ဂျာအရေးကို ကြာသပတေးနေ့က ဆွေးနွေးရာမှာလည်း ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်ဟာ မရေရာသေးတဲ့ အနေအထားအဖြစ် Marsudi က အလေးပေး ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ပြန်လည်သင့်မြတ် ပေါင်းစည်းနိုင်ရေးက အားလုံးပါဝင်နိုင်တဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး အာဆီယံ ဘုံသဘောတူညီချက်ရဲ့ အမျိုးသားအဆင့်ဆွေးနွေးမှု အစီအစဉ်အစိတ်အပိုင်း တခုအနေနဲ့ ပါဝင်ရမယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာလည်း ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးကိုပဲ လုပ်ဆောင်ရမယ်လို့ ဝန်ကြီးက အလေးပေးပြောပါတယ်။

“အာဆီယံ အနေနဲ့ ဆက်ပြီး ဆက်လက်ထောက်ပံ့မှုတွေ လုပ်သွားမယ်လို့ ပြောပြီး အာဆီယံက ရိုဟင်ဂျာအရေးကို ဘယ်တော့မှ မေ့လျော့ထားမှာ မဟုတ်ဘူး” လို့လည်း ပြောပါတယ်။လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိရေးက အရေးကြီးကြောင်းနဲ့ “လက်ရှိမှာ ရိုဟင်ဂျာ တစ်သန်းကျော်လောက် နေရပ်စွန့်ခွာပြီး ဒုက္ခသည်တွေ ဖြစ်နေကြသလို တခါ ရခိုင်ဒေသမှာ နေထိုင်တဲ့ သူတွေကလည်း ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ အားလုံးဟာ မှောင်ခို ရာဇဝတ်ဂိုဏ်းကြီးတွေရဲ့ သားကောင်တွေအဖြစ် ပစ်မှတ်ထားခံနေရတယ်လို့လည်း ဆိုပါတယ်။

"သူတို့က ငါတို့ကို မေ့သွားပြီလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ခဲ့တဲ့ “မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် ကမ္ဘာတဝန်း ထောက်ခံမှုတွေ ဆက်လက်ရရှိရေး” ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ကနေဒါ၊ ဂမ်ဘီယာ၊ မလေးရှား၊ တူရကီ၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေက ကမကထ လုပ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီ အစည်းအဝေးက ရိုဟင်ဂျာတွေအပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ အာရုံစိုက်မှုနဲ့ စည်းလုံးညီညွတ်မှုကို ပြန်လည်ရရှိစေဖို့ ရည်ရွယ်ဆွေးနွေးကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG