ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာတွေဟာ မြန်မာပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေထက် ပိုခက်ခဲနေတယ်လို့ ပြီးခဲ့တဲ့ တနှစ်အတွင်း ဒုက္ခသည် ရာနဲ့ချီကို တွေ့ဆုံမေးမြန်းပြီး ရိုဟင်ဂျာလူငယ်ကွန်ဂရက် (YCR) က သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဖိနှိပ်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဘယ်လို ကြုံတွေ့နေရပါသလဲ။သုတေသန တွေ့ရှိချက်ကို အွန်လိုင်းကနေ ထုတ်ပြန်ခဲ့တဲ့ပွဲမှာ တက်ရောက် သတင်းယူခဲ့တဲ့ ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။
ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာများအပေါ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကန့်သတ်ပိတ်ပင်မှုတွေ တိုးလုပ်နေပြီး အခွင့်အရေးတွေ ချိုးဖောက်နေတယ်လို့ သုတေသန အစီရင်ခံစာက ဆိုပါတယ်။ ထောင်သွင်း အကျဥ်းချထားသလို အခြေအနေမျိုးနဲ့ ကြုံနေရပြီး အထူးသဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာခွင့်မှာဆိုရင် သူတို့ ထွက်ပြေးလာခဲ့တဲ့ မြန်မာပြည်က ပဋိပက္ခတွေ မဖြစ်ခင်ကနဲ့ ထပ်တူ ဒါမှမဟုတ် ပိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေတယ်လို့ သုတေသနမှာ ပါဝင်ဖြေဆိုတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာလူငယ်ကွန်ဂရက် သုတေသမှာ အကြံပေးလုပ်ခဲ့တဲ့ သုတေသီ Andrew Riley က အခုလို ရှင်းပြပါတယ်။
“ဖြေဆိုသူ ၆၅ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ်မှာ ကြုံနေရတဲ့ သွားလာရေး ကန့်သတ်ချက်တွေဟာ မြန်မာနိုင်ငံက ကြုံဖူးတာထက် ပိုဆိုးတယ်လို့ ယူဆကြပါတယ်။” ဒီလို ကန့်သတ်ရတာက လုံခြုံရေးကြောင့်၊ သူတို့ ကို ကာကွယ်ဖို့ ဆိုတာထက် သူတို့ကို ဖိနှိပ်ချင်လို့၊ အခွင့်အရေးတွေ ကန့်သတ်ချင်လို့ ဆိုပြီး ရှုမြင်ကြပါတယ်။ ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက ဒီလို ကန့်သတ်တာတွေက သူတို့ကို စခန်းတွေကနေ ထွက်ပြီး မြန်မာပြည်ကို ပြန်သွားစေချင်လို့ ဒါမှမဟုတ် Bhashan Char ကျွန်းလို ဝေးလံတဲ့ စခန်းတွေကို သွားစေဖို့ တမင်သက်သက်လုပ်တာလို့ ဖြေဆိုကြတယ်” လို့ သုတေသီ Andrew Riley က ပြောပါတယ်။
ဒါက မြန်မာပြည်က လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲခံရတဲ့ အခြေအနေနဲ့ နှိုင်းယှဥ်တာမျိုး မဟုတ်ဘဲ သူတို့ ဘင်္ဂလားဒေ့ရှ်က စခန်းတွေမှာလည်း နေ့စဥ် လူမှုဘဝမှာ ဖိနှိပ်မှုတွေ ကြုံတွေ့ရတာ၊ ခွဲခြားဆက်ဆံခံရတာတွေကို ဆိုလိုကြောင်း ပြောပါတယ်။
ကော့ဘဇား ခရိုင်ထဲက စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် (၁)သန်းကျော် ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုတချို့ကို အဲဒီမှာ လုံခြုံရေး အဓိက တာဝန်ယူရတဲ့ လက်နက်ကိုင်ရဲတပ်ရင်း (Armed Police Battalion)ကို အပြစ်ပုံချကြတယ်လို့ သုတေသနက ပြောပါတယ်။
အစိုးရအာဏာပိုင်တွေက ချမှတ်ထားတဲ့ သွားလာမှု ကန့်သတ်ချက်တွေကို လက်တွေ့ ကျင့်သုံးသလို ရဲတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်တာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်တယ်လို့လည်း ရိုဟင်ဂျာလူငယ်ကွန်ဂရက်ရဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကတော့ မြန်မာနိုင်ငံထက် ပိုဆိုးတယ်ဆိုတာကို လက်မခံဘဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ခုခံကာကွယ်ခဲ့ပြီး ရိုဟင်ဂျာတွေ ဘေးကင်းရေးမှာ သူ့အစိုးရဟာ စိတ်ရင်းမှန်နဲ့ အာမခံပေးတယ်လို့ ဒေသတွင်း အဖြစ်အပျက်တွေကို ဖော်ပြတဲ့ Benar News ကို တုံ့ပြန်ပါတယ်။
“ကော့ဘဇားမှာ ရိုဟင်ဂျာဦးရေက အခု ဒေသခံတွေထက် အဆပေါင်းများစွာ ပိုများနေတယ်။ ဒီအခြေအနေမှာ ရိုဟင်ဂျာတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်ဆိုရင် အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်” လို့ BenarNews ကို ဝန်ကြီး Asaduzzaman Khan က ပြောပါတယ်။
သူတေသီ Andrew Riley ကတော့ အသက် (၃၅ )နှစ်အရွယ် သုတေသနမှာ ပါဝင်ဖြေဆိုသူ ရိုဟင်ဂျာ အမျိုးသမီးတယောက်ရဲ့ ဖြေကြားချက်ကို အခုလို ပြောပြပါတယ်။
“ကျွန်မတို့က ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေကို (မြန်မာပြည်မှာလိုပဲ) ဒီမှာလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့ ကလေးတွေကို စာသင်ကြားခွင့် မပေးပါဘူး။ ဘယ်လို စီးပွားရေးမျိုး၊ ဝင်ငွေရတာမျိုးမှ လုပ်လို့မရပါဘူး။ ဘာမှ အပြစ်မရှိတဲ့ သာမန် လူအချင်းချင်း ထိုင်ပြီး စကားစမြည် တီးတိုး ပြောပြီဆိုရင်ကို ရဲက ရာဇ၀တ်ကောင်လို့ စွပ်စွဲ ဖမ်းဆီး နှိပ်စက်တယ်”လို့ ဖြေဆိုကြောင်း သုတေသီ Riley က အစီရင်ခံစာ ထုတ်ပြန်တဲ့ပွဲမှာ ပြောသွားတာပါ။
ရိုဟင်ဂျာတွေကို ညမထွက်ရ အမိန့်ထုတ်ထားပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ စခန်းတွေထဲကနေ ထွက်ခွာခွင့် မပေးပါဘူး။ အုပ်စုဖွဲ့ စုရုံးနေထိုင်တာ၊ စမတ်ဖုန်းတွေ သုံးတာ၊ ဒါမှမဟုတ် လက်ပ်တော့ သုံးတာကိုလည်း တားမြစ်ထားပါတယ်။
ညမထွက်ရအမိန့်ကို ချိုးဖောက်သူတွေဟာ အရိုက်ခံရ၊ ဒဏ်တပ်ခံရ၊ အဖမ်းခံရသလို ကိုယ်ပိုင် ပစ္စည်းတွေ သိမ်းဆည်းခံရတာလို ရဲတပ်ဖွဲ့ရဲ့ ပြင်းထန်တဲ့ ဖိနှိပ် အရေးယူမှုတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဖြေဆိုသူတွေက ပြောကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်စခန်းတွေထဲမှာ အာဏာပိုင်တွေက ငွေညှစ်တတ်သလို ပုံစံမျိုးစုံနဲ့ အဂတိလိုက်စား ကြတယ်လို့ ဆိုပါတယ်။
“စစ်ဆေးရေးဂိတ် ဖြတ်တာ၊ အလုပ်လုပ်တာ၊ အသုံးအဆောင် လိုအပ်တာလေးတွေ ဝယ်ယူ သယ်ဆောင်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ရယူတာ၊ မိုဘိုင်းလ်ဖုန်း ကိုင်တာ၊ မင်္ဂလာဆောင် ဒါမှမဟုတ် အသုဘအခမ်းအနားတွေ ကျင်းပတာ၊ ဘာသာရေးနဲ့ ပတ်သက်တာတွေအပါအဝင် စခန်းတွေမှာ အခြေခံလုပ်ငန်းဆောင်တာများစွာကို ပြီးမြောက်အောင်မြင်အောင် လာဘ်ငွေပေးရတယ်” လို့ YCR ရဲ့ သုတေသနမှာ ဖော်ပြထားပါတယ်။
YCR ရဲ့ စာမျက်နှာ ၈၈ မျက်နှာပါ အစီရင်ခံစာကို ၂၀၂၂ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ဒုက္ခသည်စခန်း ၃၀ မှာ ရိုဟင်ဂျာ ၂၄၁ ယောက်ကို တွေ့ဆုံ မေးမြန်ထားတာပါ။ အဲဒီထဲမှာ အသေးစိတ် တွေ့ဆုံမေးမြန်းမှု ၅၈ ခုကို အခြေခံပြီး ထုတ်ပြန်ပါတယ်။ စခန်းတွေမှာ လုံခြုံရေးယူရတဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးကိုလည်း တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင် တယောက်ရဲ့ ဖြေဆိုချက်မှာ သူ့အနေနဲ့ ဖိနှိပ် ငွေညှစ်တာတွေ မလုပ်ပေမယ့် သူများ ေတွ အဲဒီလိုလုပ်နေတာကို သိကြောင်း ဝန်ခံထားတယ်လို့ အစီရင်စံစာမှာ ဖော်ပြပါတယ်။
ဒီအစီရင်ခံစာရဲ့ နိဂုံးချုပ်မှာတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ၊ နိုင်ငံတကာ အသိုက်အဝန်းနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း အကြံပြုချက် ၃၉ ချက် ပေးထားပါတယ်။ ဒီထဲမှာ လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှား ပေးရေး၊ ညမထွက်ရအမိန့်ကို ရုပ်သိမ်းဖို့နဲ့ Bhashan Char ကျွန်း ဒါမှမဟုတ် မြန်မာနိုင်ငံကို နေရာရွှေ့ပြောင်းဖို့ အတင်းအကျပ် ဖိအားပေးတဲ့ ဗျူဟာကို ရပ်တန့်ရန်၊ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့နေရာမှာ စစ်တပ်နဲ့ အစားထိုးဖို့၊ အဂတိ လိုက်စားမှုအပေါ် လုံးဝ သည်းမခံရေးမူဝါဒ ချမှတ်ဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ဖိနှိပ် အလွဲသုံးစား လုပ်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဖို့ တွေ အကြုံပြုထားပါတယ်။