သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို ပြင်းထန်တဲ့ ဖိအားပေးဖို့ AAPP တောင်းဆို


Since the February 1, 2021 coup, a total of (4,142) people, including pro-democracy activists and civilians have been killed by the junta and pro-military groups (Courtesy: AAPP_B)
Since the February 1, 2021 coup, a total of (4,142) people, including pro-democracy activists and civilians have been killed by the junta and pro-military groups (Courtesy: AAPP_B)


၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး ခုချိန်ထိ စစ်ကောင်စီကရော စစ်ကောင်စီနဲ့ ဆက်နွယ်နေသူတွေရဲ့ ဖမ်းဆီး သတ်ဖြတ်တာခံရလို့ သေဆုံးရတဲ့ အရပ်သားက အခု အောက်တိုဘာလအထိဆို အယောက် ၄,၀၀၀ ကျော် ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက သတင်းထုတ်ပြန်ပါတယ်။ အခုလို ဖမ်းဆီးသတ်ဖြတ်မှုတွေ ရပ်တန့်သွားစေဖို့ နိုင်ငံတကာက စစ်ကောင်စီကို ပိုပြီး ပြင်းထန်တဲ့ဖိအားတွေ ပေးကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်က စုစည်းတင်ပြလာတဲ့ ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

အခု ထုတ်ပြန်လိုက်တဲ့ စာရင်းမှာ နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် သေဆုံးတဲ့ အရပ်သားစာရင်း မပါဝင်သေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။ ဒီစာရင်းဟာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေထဲမှာနဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့သူတွေ၊ စစ်အာဏာသိမ်းတာကို အာဏာဖီဆန်ချိန်မှာ ဖြိုခွင်းခံရလို့ အသက်သေဆုံးခဲ့သူတွေနဲ့ ပီဒီအက်နဲ့ ဆက်သွယ် ထောက်ပံ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အသတ်ခံရသူတွေ၊ စတာတွေကို ရနိုင်သမျှ ကောက်ယူထားတဲ့ စာရင်းတွေသာ ဖြစ်တယ်လို့ AAPP တာဝန်ရှိသူတဦးက ပြောပါတယ်။

" ခုဟာက ဘယ်ခေတ်နဲ့မှ မတူတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံနေရတာပေါ့။ တကယ်ကို ရက်ရက် စက်စက် ကမ်းကုန်အောင် ရက်စက်ယုတ်မာပြီးတော့ အပြစ်မဲ့ ပြည်သူတွေကို မတရားသတ်ဖြတ်နေတာက တနိုင်ငံလုံးအသိ ၊ တကမ္ဘာလုံး အသိဘဲဖြစ်တယ်။ ဒါက အင်မတန်ဆိုးဝါးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်ကို ကျူးလွန်နေသူတွေဟာ အပြစ်ပေး အရေးယူခံရမှုကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ပါဘူး။ သေချာတာကတော့ ဒီလူတွေဟာ တချိန်မှာတော့ သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုကို သေချာပေါက်ခံရမှာဖြစ်တယ်။ ကျဆုံးသွားတဲ့ ကျနော်တို့ပြည်သူတွေ ရဲဘော်တွေအတွက် တရားမျှ တမှုကိုလည်း သေချာပေါက် ရှာဖွေရမှာဖြစ်ပါတယ်။ "

အေအေပီပီ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့အထိ ဒီကာလအတွင်း သေဆုံးခဲ့ရတဲ့ ပြည်သူ စုစုပေါင်းဟာ (၄,၁၄၁) ဦး ရှိနေပြီး နာမည် စုံစမ်းအတည်ပြုဖို့ လိုအပ်နေသူ တွေနဲ့ အမည်မသိပဲ သတ်ဖြတ်ခံရသူကလည်း အယောက် ၅၀၀ နီးပါး ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီစာရင်းဟာ အေအေပီပီက လက်လှမ်းမီသမျှ ကောက်ယူ ရရှိထားတာဖြစ်ပြီး လက်လှမ်းမမှီတာ တွေလည်း ရှိနေတာမို့ တကယ်တမ်း သေဆုံးရသူဟာ ဒါထက်မက များနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မြင်းခြံမြို့နယ်တွင်း နဘူးအိုင်ရွာမှာ စီဒီအမ် လုပ်ထားတဲ့ သားနဲ့ အဖေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံရသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ သားဖြစ်သူဟာ ဆည်မြောင်းဌာနက ဝန်ထမ်းတဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာ အကြမ်းမဖက်အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူတို့မိသားစုဟာ အေးအေးဆေးဆေး နေထိုင်ပြီး မုန့်ဖတ်လုပ်ငန်း လုပ်ကိုင်စားသောက်နေသူတွေလို့ ပြောပါတယ်။

" သူ့သားလေးကတော့ စီဒီအမ် လုပ်ထားတာ။ အဲနေ့က စရောက်တဲ့နေ့ လာဖမ်းတာဘဲ။ သူကတခြား သူ့ ညီမလေးဆီ သွားနေနေတာ။ သွားချီလာချီပေါ့။ အဲနေ့က ပြန်လာတဲ့ နေ့ဖမ်းခံရတာဘဲ။ စစ်ကောင်စီ ဖမ်းသွားတာ သင်္ဂြိုလ်ပြီးနောက် နေ့ကျန်တဲ့ မိသားစုတွေလည်း မနေရဲတော့ဘူး တခြားထွက်ပြေးကုန်ကြရတယ်။ သူတို့ မိသားစုက ဘယ်သူနဲ့မှ ရန်ငြိုးရန်စ မရှိဘူး ကလေးတွေက အေးတယ်။ အဲနားနေတဲ့ ကျနော်တို့ကတော့ ဘယ်လိုမှ အာမခံချက် မရှိပါဘူး။ ကောင်းတဲ့သူလည်း ရမ်းကား ဆိုးတဲ့သူလည်း ရမ်းကား ၊ သူတို့ မထင်ရင်မထင်သလို ဝင်စီးရင်အနည်းဆုံးတော့ အိမ်စည်းဇိမ်ပါသွားတယ်။ ယူသွားကြတာဘဲ။ စိုးရိမ်နေရတာ မဟုတ်လဲ သူတို့က ပီဒီအက်နဲ့ ဆက်သွယ်တယ် ဘာညာဆိုပြီးတော့ အဓမ္မ ရိုက်နှက် သတ်ဖြတ်တွေလုပ်နေတာ။ "

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုရော၊ မန္တလေးတိုင်းဒေသကြီး နယ်လုံတာဝန်ရှိသူတွေကိုပါ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းပြန်လည် မဖြေကြားပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးတွေ ၅၀၀ နီးပါးလောက် ပါနေတာဖြစ်ပြီး ၊ စစ်ကောင်စီရဲ့ ဒီလို ပစ်ခတ်သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုခဲ့ပါတယ်။

အရပ်သား အသတ်ဖြတ်ခံရမှု တနေ့တခြား တိုးလာနေတဲ့အပေါ် နိုင်ငံတကာဘက်ကနေ စစ်ကောင်စီကို ခုထက် ပိုမို ပြင်းထန်တဲ့ ဖိအားတွေ၊ ဒီထက်ပိုထိရောက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ကြဖို့ နိုင်ငံရေးအကျဉ်းသားတွေဘက်က မျှော်လင့်နေကြတယ်လို့ အေအေပီပီ တာဝန်ရှိသူ တဦးကပြောပါတယ်။

" ကျနော်တို့ပြည်သူတွေက နိစ္စဒူဝ အညှဥ်းပန်း အနှိပ်စက်ခံနေရတယ်။ နိစ္စဒူဝလည်း အဖမ်းဆီး ခံနေရတယ်။ နိစ္စဒူဝလည်း အသတ်ဖြတ်ခံနေရတယ်။ ဒါတွေ ရပ်တန့်ဖို့အတွက် နိုင်ငံတကာဘက်က ဒီထပ်ပိုပြီး စစ်အုပ်စုအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ဆက်ပြီးတော့လုပ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါတွေရပ်တန့်ဖို့ နွေဦးတော်လှန်ရေးက အောင်မြင်မှဖြစ်မယ်။ ဒီအကြမ်းဖက်စစ်အုပ်စု မရှိမှဖြစ်မယ်။ ဒီအကြမ်းဖက် စစ်အုပ်စု မရှိမှ စစ်အာဏာရှင် အမြစ်ပြတ်ဖို့ အတွက် နိုင်ငံတကာအနေနဲ့ ဒီထက် ပိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ "

အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံခဲ့ရသူဟာ အခုဆို အယောက် ၂၅,၀၀၀ ကျော်နေပြီဖြစ်ပြီး ဒီထဲက အယောက် ၈,၀၀၀ နီးပါးဟာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတဲ့အပြင် ကျန်သူတွေဟာလည်း ကြီးလေးတဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီအထဲမှာ သေဒဏ် အချမှတ်ခံထားရသူ စုစုပေါင်းက အယောက် ၂၀၀ နီးပါး ရှိနေတယ်လို့လည်း အေအေပီပီရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီနေ့အချိန်ထိ ဖမ်းဆီးခဲ့သူ စာရင်းကို တရားဝင် ထုတ်ပြောတာ မရှိတဲ့အပြင် အခုလို အေအေပီပီက ထုတ်ပြန်တဲ့စာရင်းတွေဟာ ချဲ့ကားထားတဲ့ စာရင်းတွေသာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG