သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားတောမီးနဲ့ မီးခိုးမြူပြဿနာ 


အင်ဒိုနီးရှားတောမီးကြောင့် အနီးနားနိုင်ငံနယ်နမိတ်တွေထိ မီးခိုးမြူတွေရောက်ရှိ
အင်ဒိုနီးရှားတောမီးကြောင့် အနီးနားနိုင်ငံနယ်နမိတ်တွေထိ မီးခိုးမြူတွေရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ Sumatra နဲ့ Borneo ကျွန်းတွေက တောမီးနဲ့ မြေကြီးအောက်မှာရှိနေတဲ့ မြေဆွေးစိုင်တွေ မီးလောင်ရာကထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် မလေးရှားနိုင်ငံမှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေတဲ့အထိ ဖြစ်နေတယ်လို့ မလေးရှားဘက်က ပြောနေတာ မမှန်ကန်ဘူးလို့ အင်ဒိုနီးရှားက ငြင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားဘက်ကလာတဲ့ မီးခိုးတွေ မလေးရှားနိုင်ငံတချို့နေရာတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ဖုံးနေတယ်လို့ ပြောပေမဲ့ အဲဒီမီးခိုးငွေ့တွေဟာ အင်ဒိုနီးရှားတောမီးကြောင့် မဟုတ်ဘူးလို့ အင်ဒိုနီးရှား အစိုးရက ငြင်းဆန်ခဲ့တာပါ။

အင်ဒိုနီးရှားမှာလောင်ကျွမ်းနေတဲ့ တောမီးပြဿနာကို ၂ နိုင်ငံပူးပေါင်းဖြေရှင်းနိုင်ဖို့ မလေးရှားအစိုးရက အင်ဒိုနီးရှား သဘာဝဝန်းကျင်နဲ့ သစ်တောဝန်ကြီးဆီကို စာပေးပို့ တောင်းဆိုခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ အခုလို တောမီးလောင်ကျွမ်းမှုနဲ့ မြေကြီးအောက်မှာရှိနေတဲ့ မြေဆွေးတွေ မီးလောင်မှုဟာ နှစ်စဉ်လို ဖြစ်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး အဖုအထစ်ဖြစ်ရတဲ့အထိ ပြဿနာကြီးဖြစ်နေပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း အင်ဒိုနီးရှားက ထွက်လာတဲ့ မီးခိုးမြူတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာသာမကဘဲ အိမ်နီးချင်း မလေးရှား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း အထိ ဖုံးလွှမ်းတဲ့ ပြဿနာတွေဖြစ်ခဲ့ပါတယ်။

Sumatra နဲ့ Kalimantan ကျွန်းတွေပေါ်က စိုက်ပျိုးမြေ ၃၅ ခုကို ပိတ်ပြီး ဘာကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ရသလဲဆိုတာ စုံစမ်းနိုင်ဖို့လုပ်နေပြီလို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။ စင်္ကာပူအခြေစိုက် အာဆီယံ မိုးလေဝသစင်တာရဲ့တွေ့ရှိချက်အရ Kalimantan ကျွန်းပေါ်မှာ မီးလောင်နေတဲ့ နေရာ ၁၉၃ ခု၊ Sumatra ကျွန်းပေါ်မှာ ၁၆ ခု၊ မလေးရှားနဲ့ကပ်နေတဲ့ Borneo ကျွန်းဘက်မှာ ၉ ခုရှိတယ်လို့ မလေးရှားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးရဲ့အပြောကို Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG