သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား တောမီး အိမ်နီးချင်းတွေပါ ထိခိုက်


အင်ဒိုနီးရှားနိုင်ငံမှာ တောမီးကြောင့်ဖြစ်လာတဲ့ မီးခိုးမြူတွေဟာ ဒေသတွင်း မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေအထိ ပျံ့နှံ့လာနေပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အခြေအနေအထိ ဆိုးရွားလာနေရပါတယ်။ နှစ်စဉ်ဆိုသလို ကြုံလာနေရတဲ့ ဒေသတွင်း တောမီး လောင်ကျွမ်းမှု နဲ့ မီးခိုးမြူပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းဖို့ သက်ဆိုင်ရာအစိုးရတွေကလည်း ကြိုးစား နေကြတာပါ။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိတဲ့ တောမီးကြောင့် အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတွေမှာ မီးခိုးမြူ ဖုံးလွှမ်းတဲ့ ပြဿနာ ဆိုးဆိုးရွားရွား ကြုံနေရပြီး လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပေးတဲ့အထိ ဖြစ်လာတာပါ။ မီးခိုးမြူတွေကြောင့် မျက်စိနာတာနဲ့ မျက်ရည် ခမ်းခြောက်တာ လို ဝေဒနာခံစားရသူတွေ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ တနေ့တခြား များလာနေတာပါ။ ဒီလို အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ အစိုးရတွေကလည်း ကြိုးစားနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စစ်ရဟတ်ယာဉ်တွေသုံးပြီး တိမ်တွေပေါ်ကနေ ဓာတ်တုဆေးတွေ ဖြန်းချပြီး မိုးရွာအောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း အစိုးရက အလားတူ ဆောင်ရွက်နေတဲ့အကြောင်း မလေးရှား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဝန်ကြီး Yeo Bee Yin ကပြောပါတယ်။

"ကျမတို့အစိုးရအနေနဲ့ တိမ်တွေကို မိုးရွာချအောင် လုပ်နိုင်မယ့်နည်းလမ်းတွေကို ရသလောက် လုပ်သွားပါမယ်။ မီးခိုးမြူမှုန်တွေကြောင့် ဒုက္ခခံစားနေရတဲ့ ပြည်သူတွေ ယာယီသက်သာရာ ရစေဖို့ပါ။”

လက်ရှိမှာတော့ မီးခိုးတွေကြောင့် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးခဲ့ရသလို၊ စာသင်ကျောင်းတွေ အများအပြား ပိတ်ထားရပါတယ်။ တောမီးအဓိက လောင်ကျွမ်းနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတရားကျွန်းနဲ့ ဘောနီယိုကျွန်းတွေမှာ စာသင်ကျောင်းတွေ ထောင်နဲ့ချီ ပိတ်ထားရသလို၊ မလေးရှားနိုင်ငံမှာတော့ မြို့တော် ကွာလာလာမ်ပူက ကျောင်းပေါင်း ၃၀၀ နီးပါး အပါအဝင် နိုင်ငံတဝှမ်းက ကျောင်းပေါင်း ၂၅၀၀ နီးပါး ပိတ်ထားရပါတယ်။

အလားတူ မီးခိုးမြူတွေကြောင့် စင်ကာပူနိုင်ငံမှာလည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အဆင့်အထိ လေထုညစ်ညမ်းလာနေတာကြောင့် ဒီသီတင်းပတ်ကုန် ကျင်းပဖို့ရှိတဲ့ Formula One ပြိုင်ကားပြိုင်ပွဲ အစီအစဉ်တောင် ဖျက်ရမယ့်အခြေအနေ ရှိနေပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းက ခရိုင်လေးခုမှာလည်း မီးခိုးမြူတွေက ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အဆင့် ဖြစ်လာလို့ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

ဥတုရာသီ ဖောက်ပြန်ပြောင်းလဲမှုတွေနဲ့ အတူ နှစ်စဉ်လိုလို ကြုံတွေ့လာနေရတဲ့ တောမီး လောင်ကျွမ်းမှုဟာ ဒေသတွင်း အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတခုဖြစ်လာနေသလို၊ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက် ကိုင်တွယ်မှရလိမ့်မယ်လို့ မလေးရှား သဘာ၀ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး Yeo Bee Yin က ပြောပါတယ်။

"နိုင်ငံဖြတ်ကျော် ကြုံနေရတဲ့ ဒီမီးခိုးမြူ ပြဿနာကို ကျမတို့ တနိုင်ငံတည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒေသအဆင့်၊ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ လိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးက ဒီပြဿနာကို ဖြေရှင်းချင်ကြ လိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။”

အင်ဒိုနီးရှားတောမီးကြောင့်ဖြစ်လာတဲ့ မီးခိုးမြူပျံ့နှံ့မှုဟာ နောက်ပိုင်း နှစ်စဉ်ဆိုသလို ကြုံလာနေရသလို၊ ခုလိုဖြစ်ရတာဟာ အင်ဒိုနီးရှား နိုင်ငံမှာ တရားမဝင် တောင်ယာ မီးရှို့မှုတွေကြောင့် ဖြစ်တယ်လို့ အိမ်နီးချင်းနိုင်ငံတွေက စွပ်စွဲပြောဆိုနေတာပါ။ အင်ဒိုနီးရှားအစိုးရ ကတော့ ဒါကို ငြင်းဆိုထားပြီး ဒေသတွင်း တခြားနိုင်ငံတွေမှာလည်း အလားတူ တောမီး လောင်ကျွမ်းတာတွေ ရှိနေတဲ့အကြောင်း ပြောဆိုထားပါတယ်။

လက်ရှိ တောမီးလောင်ကျွမ်းမှုတွေနဲ့ ဆက်နွယ်ပြီးတော့လည်း မသင်္ကာသူတဲ့သူ၂၃၀ လောက်ကို ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ကြာသပတေးနေ့က ပြောပါတယ်။ တောင်ယာ ခုတ်ထွင်ရှင်းလင်းဖို့ မီးရှို့သူတွေ အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေအရ အရေးယူခံရနိုင်ပြီး၊ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ် အထိလည်း ရင်ဆိုင်ရနိုင်ကြောင်းလည်း အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

.............

{Unicode}












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG