သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bank of China ဘဏ် ဥက္ကဋ္ဌဟောင်းကို ကွန်မြူနစ်ပါတီက ထုတ်ပယ်


FILE - The then-chairman of the Bank of China, Liu Liange, arrives at a forum in Milan, Italy, on July 10, 2019. Liu has been expelled from the Chinese Communist Party after being accused of illegal activities and taking bribes.
FILE - The then-chairman of the Bank of China, Liu Liange, arrives at a forum in Milan, Italy, on July 10, 2019. Liu has been expelled from the Chinese Communist Party after being accused of illegal activities and taking bribes.

တရုတ်အစိုးရပိုင် Bank of China ဘဏ် ဥက္ကဋ္ဌဟောင်း Liu Liang (လူလီယန်)ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ဥပဒေပြင်ပ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်လိုက်ကြောင်း ပါတီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့က စနေနေ့မှာ ပြောပါတယ်။

လူလီယန်ဟာ တရားမ၀င် နည်းလမ်းတွေသုံးပြီး ချေးငွေတွေ ထုတ်ချေးကာ ငွေကြေးပိုင်းအရ ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း တရုတ်ရဲ့ ထိပ်တန်း အဂတိတိုက်ဖျက်ရေး အဖွဲ့ ဖြစ်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးရေး ဗဟိုကော်မရှင် (CCDI) က သူ့ရဲ့ တရားဝင် အင်တာနက် ၀က်ဘ်ဆိုဒ် စာမျက်နှာမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လူလီယန်ကို တရုတ်ပြည်တွင်းမှာ တားမြစ်ထားတဲ့ စာအုပ်တွေကို တင်သွင်းမှု၊ လာဘ်ငွေလက်ခံမှု၊ ပုဂ္ဂလိကပိုင် ကလပ်တွေနဲ့ နှင်းလျှောစီး အပန်းဖြေစခန်းတွေမှာ အပျော်အပါး ဖျော်ဖြေရေးတွေ လက်ခံမှုတွေနဲ့ စွပ်စွဲထားကြောင်း ကော်မရှင်က ပြောပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူလီယန်ကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရသေးပါဘူး။

လူလီယန်ဟာ ပြီးခဲ့တဲ့ မတ်လမှာ Bank of China ရဲ့ ဥက္ကဌ ရာထူးကနေ နုတ်ထွက်ခဲ့ရပြီး နှစ်ပတ် အကြာမှာ သူ့ကို ကွန်မြူနစ်ပါတီ အဂတိ ကော်မရှင်ကနေ ပါတီစည်းကမ်းနဲ့ ဥပဒေတွေ ချိုးဖောက်မှု သံသယနဲ့ စုံစမ်းစစ်ဆေး အမှုဖွင့်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

တရုတ်ပြည်မှာ သမ္မတ ရှီကျင့်ဖျင့် ၂၀၁၂ မှာ အာဏာရလာပြီးကတည်းက ပါတီတွင်း တိုးတက်ရေး အတွက် "မိမိကိုယ်ကို တော်လှန်ရေး" ဆောင်ပုဒ်နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးက သူ့ရဲ့ အထင်ကရ ပြယုဂ် မူဝါဒဖြစ်ပါတယ်။ အကျင့်ပျက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကို စိတ်ပျက်နေတဲ တရုတ်လူထုကြားမှာလည်း သမ္မတရှီရဲ့ လာဘ်ပေးလာဘ်ယူ ခြစားမှု တိုက်ဖျက်ရေးက ရေပန်းစားပါတယ်။ တဖက်မှာလည်း ဒါက ရှီအနေနဲ့ သူ့ရဲ့ ပြိုင်ဘက်တွေနေရာမှာ သူ့ အပေါ် သစ္စာခံသတွေနဲ့ အစားထိုးနိုင်ပြီး အာဏာကို စုစည်းနိုင်ဖို့ အထောက်အကူ ဖြစ်ခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG