ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်တချို့မှာ မြန်မာနိုင်ငံသား မှတ်ပုံတင် စမတ်ကတ်တွေကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက စတင် လဲလှယ်ပေးနေပြီလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလို လဲလှယ်ပေးတာမှာ နိုင်ငံသားတွေအပြင် ယခင်က မှတ်ပုံတင်ရထားပြီးသား တရုတ်လူမျိုး အများအပြားလည်း လာရောက်လျှောက်ထားနေကြောင်း ဒေသခံတချို့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတာကို ဇော်ဝင်းလှိုင် က ပြောပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မုံးကိုး၊ တာမိုးညဲ၊ လောက်ကိုင် စတဲ့ မြို့နယ်တွေမှာ နိုင်ငံသားစိစစ်ရေး စမတ်ကတ်တွေကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက စတင်ပြုလုပ်ပေးနေပြီလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
ဒီလိုလုပ်ပေးရာမှာ ဒေသခံ တိုင်းရင်းသားတွေအပြင် မုန်းဝန်း(ဗမာ) လို့ခေါ်ကြတဲ့ တရုတ်နိုင်ငံသား တွေလည်း အများအပြားပါနေတာဖြစ်ပြီး ဒေသခံတွေက အိမ်ထောင်စုစာရင်း အချက်အလက်နဲ့ အထပ်ထပ် စိစစ်ခံရပေမဲ့ တရုတ်နိုင်ငံသားတွေကတော့ အလွယ်တကူ လျှောက်ထားလို့ရနေတယ်လို့ နမ့်ဖတ်ကာမြို့နယ်က ဒေသခံတဦးက အခုလိုပြောပါတယ်။
“ တဖြည်းဖြည်းနဲ့ မှတ်ပုံတင်ကို မသုံးတော့ဘူးပေါ့၊ စမတ်ကတ်ပဲသုံးမယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့ အခုကတော့ ရှမ်းမြောက်ကတော့ သိတဲ့အတိုင်းပဲလေ၊ ဒီလွှတ်တော်ထဲမှာတောင် ဝင်ထိုင်နေကြတာ ကိုး။ ရှမ်းမြောက်မှာ တရုတ်တွေများတယ်၊ ပြည်သူ့စစ်တွေဆိုလည်း ခိုလုံ လီရှော၊ ပန်ဆေး၊ မုန်းဝန်း အခုက တော်တော်များများလည်း ကုမ္ပဏီကြီးတွေမှာလည်း တရုတ်တွေပဲလေ အကုန်လုံးက၊ ပြည်တွင်းတရုတ်လား၊ ပြည်ပတရုတ်လား၊ ဗမာပြည်ဖွားလား၊ မဖွားလားဆိုတာ ငါတို့လည်း ပြောလို့မရတော့ဘူးလေ။”
တချိန်က တာမိုးညဲမြို့နယ်က တရုတ်နိုင်ငံသား ပြည်သူ့စစ်ခေါင်းဆောင် ဝမ်ကွယ်တာ (ခေါ်) ဦးမြင့်လွင်ဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။ မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသား အများအပြားရဲ့ မဲတွေနဲ့ ဒေသခံ ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံသား အများအပြား စမတ်ကတ်ရရှိဖို့ သူက ငွေကြေး ပံ့ပိုးပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံသားအဖြစ် အခုလို စစ်ကောင်စီက မှတ်ပုံတင်ပြုလုပ် ပေးနေ တာဟာ တရုတ်အစိုးရက မြန်မာနယ်စပ်မှာရှိတဲ့ အွန်လိုင်းရာဇဝတ်မှုတွေကို ရှင်းလင်းတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။
ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ နီးစပ်သူတဦးကတော့ အခုအချိန်မှာ စမတ်ကတ် ကို ကနဦးအနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ပရဟိတလုပ်ငန်း လုပ်နေသူတွေ၊ ယဉ်ကျေးမှုအဖွဲ့တွေကို ဦးစားပေး လုပ်ပေးတာလို့ ဗွီအိုအေကို ပြောပါတယ်။ အဖွဲ့အစည်းတွေရဲ့ လှုံ့ဆော်မှုနဲ့ တချို့က အဖွဲ့လိုက် အများအပြား မှတ်ပုံတင်ဖို့ ရောက်ရှိလာကြတယ် လို့လည်း သူကပြောပါတယ်။
“ ဟုတ်တယ် စမတ်ကတ်တွေ လုပ်ပေးတာ၊ စမတ်ကတ်တော့ စမတ်ကတ်ပေါ့၊ ကျနော်တို့ဆိုလည်း လူမှုအဖွဲ့တွေ လာပြီး စမတ်ကတ် လာလုပ်ကြပါပေါ့၊ ဒီမှာက တိုင်းရင်းသားတွေက အကုန်ရှိတော့ တရုတ်ရော၊ ကချင်ရော၊ ပလောင်ရော အကုန်လုံး လုပ်ကြတာပေါ့ဗျာ။ အဲဒါကိုမှ လူစုရတော့ ကျနော်တို့ဆို တယောက်၊ နှစ်ယောက် ပြောလိုက်တာနဲ့ အယောက်ရာချီပြီး ရောက်ချလာတာပေါ့။ အဲဒါနဲ့ ကျနော်တို့တော့ ကျနော်ကိုယ်တိုင်လည်း စမတ်ကတ်တော့ ပြောင်းပြီးပြီ။ ရတော့ မရသေးဘူးပေါ့။”
နိုင်ငံသားတွေရဲ့ မှတ်ပုံတင်ကို စမတ်ကတ်ပြောင်းပေးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး အကူအညီ တောင်းခံခဲ့တယ်လို့ ၂၀၂၃ စက်တင်ဘာလကုန်ပိုင်းက မြန်မာ့အလင်းသတင်းစာမှာ စစ်ကောင်စီက ဖော်ပြခဲ့ပါတယ်။ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို စောင့်ကြည့် မှတ်တမ်းတင်နိုင်မဲ့ စစ်ကောင်စီရဲ့ စမတ်ကတ် အစီအစဉ်ကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ကြိုးပမ်းမှုတခု အဖြစ်လည်း တချို့က ရှုမြင်ကြပါတယ်။