သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် တရားမဝင်နေထိုင်သူ ၂၀၀ ကျော် မလေးရှားဖမ်းဆီး

တရားမဝင်နေထိုင်သူ ၂၀၀ ကျော်ကို မလေးရှား လဝက ဖမ်းဆီးစဥ် (Photo: Malaysia Immigration)
တရားမဝင်နေထိုင်သူ ၂၀၀ ကျော်ကို မလေးရှား လဝက ဖမ်းဆီးစဥ် (Photo: Malaysia Immigration)

မြန်မာအပါအဝင် တရားမဝင်နေထိုင်သူ ၂၀၀ ကျော် မလေးရှားဖမ်းဆီး

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင် အနီးတဝိုက်ကို လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ ဝင်ရောက် စစ်ဆေးပြီး တရားမဝင် နေထိုင် အလုပ်လုပ်နေသူ ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၆၂ ယောက် ဖမ်းဆီးခံရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။

မလေးရှားနိုင်ငံ ဂျိုးဟိုပြည်နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တဝိုက်ကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက အောက်တိုဘာ ၁၃ ရက်နေ့ညဘက်မှာ ပိတ်ဆို့ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုအတွင်း မြန်မာတွေအပါအဝင် တရားမဝင် နေထိုင် အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသား ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၆၂ ယောက်အထိ များတယ်လို့ မလေးရှားနိုင်ငံတွင်း မြန်မာအသိုင်းအဝိုင်းကို အကူအညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းက ပြောပါတယ်။

" မနေ့ကတော့ ဂျိုဟိုးမှာ လ၀ကကနေ အကြီးအကျယ် လူဖမ်းပွဲကြီး လုပ်လိုက်တာပဲ အားလုံး ၆၄၁ ယောက် အထူးသဖြင့် ၆၅၀ နီးပါးကို ပိတ်ဆို့ပြီး စစ်ဆေးတာပါ။ ၁၉၅ ဦးကိုတော့ ထိန်းသိမ်းထားလိုက်တယ် အထူးသဖြင့် အထောက်အထား မပြည့်စုံတဲ့သူတွေကို ထိမ်းသိမ်းလိုက်တာပါ၊ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၆၅ ဦးပါတယ် ဘင်္ဂလားဒေရှ့်က ၅၅ ဦးပါတယ် အိန္ဒိယက ၂၈ ဦးပါတယ်၊ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသား ၅ ဦးကတော့ အင်ဒိုနီးရှားတွေဖြစ်တယ်၊ ပါကစ္စတန် ၁၆ ဦး နိုင်ငံအစုံပဲ တရုတ်တွေလည်းပါတယ်။ "

စစ်ဆေးခံရတဲ့အထဲမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကဒ် ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေလည်း စစ်ဆေးခံရသူတွေထဲမှာ ပါပါတယ်။ မလေးရှားနိုင်ငံထဲမှာ ဗီဇာသက်တမ်း ကျော်လွန်ပြီး နေထိုင်နေသူတွေ တရားဝင် အထောက်အထားမရှိပဲ ထိုင်းနယ်စပ်ကနေ ခိုးဝင်လာကြတဲ့ မြန်မာတွေလည်း အများအပြား ရှိနေပါတယ်။ တချို့ကတော့ တရားဝင် အလုပ်လာလုပ်ကြတဲ့ နိုင်ငံကူးလက်မှတ် Passport ရှိသူတွေ ဖြစ်ပေမယ့်လည်း မြန်မာသံရုံးမှာ Passport သက်တမ်းတိုးဖို့ အဆင်မပြေတာကြောင့် တရားမဝင် ဖြစ်သွားသူတွေလည်းရှိနေကြပါတယ်။

" ပတ်စပို့သက်တမ်း တိုးဖို့ဆိုရင်လည်း ပတ်စပို့ တင်လိုက်ရင် ဘယ်နေ့မှာ လာယူပါလို့ ပြောလိုက်တယ် အဲဒီကာလမှာ ဘယ်တိုင်းေဒသကလဲ ဘယ်သူသားသမီးလည်း ဆိုတာကို လိုက်တဲ့ DSI တို့ ဘာတို့ကနေ လိုက်ပြီး စစ်ဆေးပြီးမှ နိုင်ငံရေးနဲ့ ကင်းရှင်းတာရှိမှ ပတ်စပို့ကို သက်တမ်းတိုးပေးတာ ထုတ်ပေးတာ။ "

မလေးရှားနိုင်ငံမှာ အစိုးရ အပြောင်းအလဲကာလ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်နေချိန် တရားမဝင် နိုင်ငံခြားသားတွေကြောင့်လို့ အပြစ်ပုံချတာတွေလည်း ရှိနေပါတယ်။ ဒီအတွက် တရားမဝင် နိုင်ငံခြားသား ဆန့်ကျင်ပွဲတွေလုပ်ဖို့စီစဉ်နေတာကြောင့် မြန်မာတွေအနေနဲ့ လုံခြုံရေး သတိထားကြဖို့ကိုလည်း ဦးစိုးထက်သိန်းက သတိပေးပါတယ်။ အခု ဖမ်းဆီးထားသူ ၂၀၀ နီးပါးကိုတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 (အက်ဥပဒေပုဒ်မ 155) နဲ့ 1959/63 လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မတွေနဲ့ အရေးယူသွားမယ်လို့လည်း မလေးရှားလ၀က သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

မြန်မာအပါအဝင် တရားမဝင်နေထိုင်သူ ၂၀၀ ကျော် မလေးရှားဖမ်းဆီး
please wait

No media source currently available

0:00 0:03:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG