သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ဒီနှစ်ထဲ ဖမ်းဆီးခံရတဲ့ မြန်မာ ၁ သောင်းကျော်ရှိ


ထိုင်းနိုင်ငံထဲ ဖမ်းဆီးခံရတဲ့ မြန်မာများ (Photo: Thai Border guard Force)
ထိုင်းနိုင်ငံထဲ ဖမ်းဆီးခံရတဲ့ မြန်မာများ (Photo: Thai Border guard Force)


ဒီနှစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ၉ လ အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာလို့ ဖမ်းဆီးမိတဲ့ မြန်မာနိုင်ငံသား ၁ သောင်းကျော် ရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကပဲ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ကားတချို့ကို ထိုင်းရဲတွေက တားဆီး စစ်ဆေးခဲ့တာမှာ တရားမဝင် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ကန်ချဘူရီနဲ့ အယုဒ္ဓယ ခရိုင်တွေအတွင်း သီးခြား ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးမိုးကြိုးက အခုလို ပြောပြပါတယ်။

“အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီလောက်က မသင်္ကာဖွယ် ပစ်ကပ်ကား တစီးကို စစ်ဆေးရာမှာ ကားက မောင်း ပြေးတယ်။ ဒါကို လုံခြုံရေးက ပိုက်စိပ်တိုက် လိုက်ဖမ်းတော့ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ဒါပေမဲ့ ကားပေါ်မှာတော့ တရားမဝင် မြန်မာ ၁၇ ဦး၊ အမျိုးသားက ၁၆ ယောက် အမျိုသမီးက တယောက် ဖမ်းမိပါတယ်။ အလားတူပဲ အောက်တိုဘာလ ၁၂ မှာပဲ အယုဒ္ဓယ ခရိုင်ထဲက နခွန်လုဝမ်မြို့နယ် နယ်နမိတ်ထဲမှာ မသင်္ကာဖွယ် ကားတစီးကို စစ်ဆေးရာမှာ တရားမဝင် မြန်မာ ၉ ဦး အမျိုးသား ၇ ဦး အမျိုးသမီးက ၂ ဦး ဖမ်းမိပါတယ်။”

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် ပြည်ပထွက်ခွာ အလုပ်အကိုင် ရှာဖွေကြတဲ့ မြန်မာနိုင်ငံသားတွေ တနေ့တခြား များလာနေပြီး အနီးဆုံး ထိုင်းနိုင်ငံအတွင်းကိုတော့ တရားဝင်ရော၊ တရားမဝင်ပါ အများဆုံး ဝင်ရောက်ကြပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင် ထွက်ခွာသူတွေ ပိုများလာသလို၊ ခုလို ဖမ်းဆီးခံရတဲ့ သတင်းတွေလည်း ပိုပြီး စိပ်လာနေတာပါ။

အခုဆိုရင် ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ သန်းကနေ ၆ သန်းလောက်အထိ ရှိနေပြီး ဒီအထဲမှာ တရားဝင် အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားကတော့ ၁ သန်း ၆ သိန်း နီးပါးသာရှိပြီး အများစုက တရားမဝင် လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်သူတွေက ခန့်မှန်း တွက်ချက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG