သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာလူထု ဆေးဝါးရိက္ခာ ပြတ်လပ်မှုကြောင့် သေဆုံးရဖွယ်ရှိနေပြီ (ကုလသမဂ္ဂ)


ISRAEL-PALESTINIANS/
ISRAEL-PALESTINIANS/

ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာထောက်ထားမှု အခြေအနေက “လုံးဝပြိုကျ” တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီး လုံလောက်တဲ့ အကူအညီနဲ့ လောင်စာဆီမရရင် အရပ်သားတွေဟာ “မထင်မှတ်နိုင်တဲ့ အကျိုးဆက်တွေ” ကြုံတွေ့ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အန်ထိုနီယိုဂူတားရက်စ်က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

မိနစ်နဲ့အမျှ အနိဌာရုံတွေက ပိုကြီးထွားလာနေပြီး အခြေခံကျကျ အပြောင်းအလဲ မလုပ်နိုင်ရင် ပြောင်းလဲမှုမရှိဘဲ ဂါဇာကမ်းမြောင်ဒေသက လူတွေဟာ မကြုံစဖူးတဲ့ ဒုက္ခ ဆင်းရဲတွေ ခံစားရမယ်လို့ ဆိုပါတယ်။ အီဂျစ်ရဲ့ ရာဖာနယ်စပ်က တဆင့် ဂါဇာအတွက် အထောက်အပံ့ ကုန်စည်တွေ တင်ပို့ရာမှာ တားဖြမစ် စိစစ်တဲ့ စနစ်ကို အကြီးအကျယ် ပြုပြင် ပြောင်းလဲနိုင်မှသာ နောက်ထပ် ကူညီရေးယာဥ်တန်းတွေဟာ ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ကို နှောင့်နှေးမှုမရှိဘဲ ဝင်ရောက်နိုင်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ စကားတွေ ပြောနေတဲ့အချိန်မှာပါ ဂါဇာမှာ လူတွေ သေပွဲဝင်ရမယ့် အခြေအနေစိုက်နေပါပြီ” လို့လည်း ဂါဇာမှာ အဓိက ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ UNRWA ရဲ့ အကြီးအကဲ Philippe Lazzarini က သောကြာနေ့ အစောပိုင်းက သတင်းထောက်တွေကို ပြောပါတယ်။ “သူတို့က ဗုံးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် သေတာမဟုတ်ဘဲ မကြာခင်မှာ ဂါဇာကမ်းမြောင်ဒေသကို ဝိုင်းရံပိတ်ဆို့ထားတဲ့ အကျိုးဆက်တွေကြောင့် နောက်ထပ် အများအပြား သေဆုံးရတော့မှာ” လို့ Lazzarini ကဆိုပါတယ်။

“အခြေခံဝန်ဆောင်မှုတွေ အားလုံးလည်း ပြိုပျက်သွားပြီး ဆေးဝါးနဲ့ အစာရေစာတွေ ကုန်သွားပြီ” လို့ ပြောပါတယ်။ ဂါဇာမှာ လျှပ်စစ်မီး လုံးဝ ပြတ်တောက်နေတာလည်း ၁၈ ရက် ရှိနေပါပြီ။ နှစ်ပတ်ကြာ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် ပထမဆုံး ကယ်ဆယ်ရေး အထောက်အပံ့တွေဟာ ဂါဇာကို အောက်တိုဘာ ၂၁ ရက်က ရောက်ရှိလာခဲ့ပါတယ်။ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ တင်ဆောင်ခဲ့တဲ့ ကုန်တင်ကား ၇၄ စီး ဟာ ဒီသီတင်းပတ်ထဲမှာ ဂါဇာကို ဝင်ရောက်လာနိုင်ခဲ့ပေမယ့် လောင်စာဆ်ကတော့ လက်ကျန် မရှိတော့တဲ့ အခြေအနေ ဖြစ်နေတာပါ။ သောကြာနေ့မှာ နောက်ထပ် ကုန်ကားရှစ်စီး ထပ်မံရရှိဖို့ ကုလသမဂ္ဂက မျှော်လင့်ထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လူ ၂.၂ သန်းလောက် ရှိပြီ အခု စစ်ပွဲကြောင့် ၁.၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့ကြီးတွေကို ဟားမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာ လက်တုံ့ပြန်တဲ အနေနဲ့ အစ္စရေးဟာ ဂါဇာရှိ ဟားမတ်စ်ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နေပါတယ်။ ပါလက်စတိုင်းအရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သေဆုံးသူတွေရဲ့ ၄၁ ရာခိုင်နှုန်းဟာ ကလေးငယ်များဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း သောကြာနေ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG