သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံအနည်းဆုံး ၂၀ သေ


MNDAAမှ မူပန် (သိန္နီ) မြို့ တိုက်ပွဲတွင် သိမ်းဆည်းရရှိသောစစ်ကောင်စီ၏လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-The Kokang FB)
MNDAAမှ မူပန် (သိန္နီ) မြို့ တိုက်ပွဲတွင် သိမ်းဆည်းရရှိသောစစ်ကောင်စီ၏လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-The Kokang FB)

ရှမ်းပြည် မြောက်ပိုင်းမှာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး စတင်ခဲ့ပြီး သီတင်းတပတ် အတွင်းမှာပဲ ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၀ ထက် မနည်း သေဆုံးခဲ့သလို ၄၀ ထက် မနည်း ဒဏ်ရာရှိခဲ့တယ်လို့ မြေပြင် စာရင်း ကောက်ယူထားသူတွေက ပြောပါတယ်။ ဒဏ်ရာ ရသူတွေဟာ ဆေးကုသမှုခံယူဖို့ အခက်အခဲကြုံ နေရတာပါ။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးရတဲ့ အခြေအနေတွေကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။

အောက်တိုဘာ ၂၇ ရက်ကစတဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့ရဲ့ တိုက်ပွဲဟာ ရက်သတ္တပတ် ရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း ကလေးငယ် ၅ ဦး အပါအဝင် အရပ်သား ၂၀ ထက် မနည်း သေဆုံးခဲ့သလို အယောက် ၄၀ ထက်မနည်းလည်း ဒဏ်ရာရရှိထားတာပါ။ အများစုဟာ စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဗုံးစထိမှန် သေဆုံးခဲ့တာ ဖြစ်ပြီး အများစုဟာ ကိုယ့်နေအိမ်တွေ ထဲမှာပဲ လက်နက်ကြီး အစအနတွေ ထိမှန်သေဆုံး ဒဏ်ရာရတာလို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ တအာင်း အမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"ဒီမနက် အစောပိုင်းအထိ လောလောဆယ် သေဆုံးသူ ၁၉ ဦး ရှိတယ်။ ဒဏ်ရာရတဲ့သူက ၄၀ ကျော် ၄၆ ယောက်လောက်ရှိတယ်။ နမ့်ခမ်းဘက်မှာ ဒီတမနက်လုံး ဂျက်လေယာဉ်နဲ့ လာပြီးတော့ ပစ်ချနေတယ်ပေါ့နော်။ အဲ့မှာ ထိခိုက်မှုတွေလည်း ရှိနေတယ်။ နမ့်ခမ်းဘက်မှာ အခုလောလောဆယ် ဖုန်းလိုင်းတွေ ပိတ်ထားတော့ ချိတ်မရဘူးဖြစ်နေတယ်။ တော်တော်များများက လက်နက်ကြီးကျလို့ သေဆုံးတဲ့ဟာနဲ့ စကစ ဘက်က တိုက်လေယာဉ် အသုံးပြုတဲ့အတွက်ကြောင့် ဗုံးကြဲတဲ့ အတွက်ကြောင့် သေဆုံးတဲ့ စာရင်းတွေ ဒဏ်ရာ ရတဲ့စာရင်းတွေဖြစ်တယ်ပေါ့။ တချို့နေရာက အိမ်ထဲမှာ နေနေတဲ့ကလေးတွေ နမ့်ခမ်းမှာ သေတဲ့ကလေးတွေဆို အိမ်ထဲမှာ နေနေရင်းပေါ့နော် ဗုံးကြဲခံရ လက်နက်ကြီး ကျတဲ့အတွက်ကြောင့်မို့လို့ သေဆုံးရတယ်။ တချို့နေရာဆို ရွာထဲမှာပေါ့နော် တိုက်လေယာဉ်အသုံးပြုပြီးမှ ရွာထဲမှာ ဗုံးကြဲပြီးမှထိခိုက်ပြီးမှ သေဆုံးရတဲ့ အနေအထားမျိုး တွေရှိတယ်ပေါ့နော်။ တော်တော်များများက ကိုယ့်အိမ်ကိုယ့်ရွာမှာ လက်နက်ကျလို့ သေဆုံးရတာ ပိုများတယ်။"

သေဆုံးသူတွေဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နမ့်ခမ်း နမ့်ဖက်ကာ နမ်မတူ ကွတ်ခိုင် သိန္နီ နမ့်ဆန် ကွမ်းလုံ စတဲ့မြို့နယ်တွေက အရပ်သား ဒေသခံတွေ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ကလည်း နမ်ခွန်ရွာမှာ စစ်ဘေးရှောင် ဗုံးခိုကျင်း ပြိုကျတဲ့အတွက် သားအမိ ၂ ဦး ကျင်းပိ သေဆုံးခဲ့ရပါတယ်။ လက်နက်ကြီးကျည် ထိမှန်လို့ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရတဲ့ နမ်ဖတ်ကာရွာက ဒေသခံတဦးကတော့ တိုက်ပွဲတွေ ဖြစ်ပွါးနေပေမယ့် လမ်းတွေ ပိတ်ထားလို့ ဘယ်ကိုမှ ရှောင်ပြေးလို့ မရသလို ဆေးကုသဖို့ပါ အခက်တွေ့နေတယ်လို့ ပြောပါတယ်

"လောလောဆယ် ကျနော်တို့လည်း ဒီဒေသထဲမှာပဲ နေထိုင်နေရတယ်။ ဖြတ်သန်းသွားလာခွင့် ဘယ်မှ သွားလာလို့ မရဘူး။ ဒဏ်ရာရ လူနာတွေဘာတွေကလည်း ကုသမှုတွေကလည်း မရှိဘူးပေါ့။ အရင်တုန်းက ကျွန်တော်တို့က ဖြစ်လာရင် ကွတ်ခိုင်ကိုပို့တယ်။ကွတ်ခိုင်ကို ဦးစားပေးပို့တယ်။ အခုလက်ရှိမှာ ဖြစ်လာရင် လောလောဆယ် ဒီလိုပဲ ဒီမှာရှိတဲ့ ဆေးခန်းလေးတွေနဲ့ပဲ ကုသမှုယူတာပေါ့။"

တိုက်ပွဲဖြစ်ပွါးနေတဲ့ ဒေသအတွင်းက ဖုံးအဆက်သွယ်ရတဲ့ နေရာတွေမှာ သေဆုံးသူ ၂၀ ကျော်ရှိနေပြီး အခြား အဆက်အသွယ်မရရှိတဲ့ ကျေးရွာတွေမှာလည်း သေဆုံး ဒဏ်ရာရတာ ရှိနိုင်တယ်လို့လည်း ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ တအာင်းအမျိုးသမီးများ အဖွဲ့က ပြောပါတယ်။

ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ မြို့ပေါင်း ၂၂ မြို့ နယ်ထဲက စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ တို့ကြား တိုက်ပွဲဖြစ်နေတဲ့ မြို့နယ် ပေါင်း ၉ မြို့နယ်မှာ အရပ်သား ၂၆၀၀၀ လောက် နေရပ် စွန့်ခွါတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG