သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“၁၀၂၇ စစ်ဆင်ရေး တရုတ်ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေဖြိုခွင်းနိုင်ခဲ့” သုတေသီ Jason Tower


အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP)က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Jason Tower (Photo: Zoom Screenshot)
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP)က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Jason Tower (Photo: Zoom Screenshot)

ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာနိုင်ငံအနှံ့က တော်လှန်ရေးအင်အားစုတွေအတွက် အကျိုးဖြစ်ထွန်းစေခဲ့တဲ့အပြင် တရုတ်ရဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းရေး ရက်ပိုင်းအတွင်း ထိရောက်အောင် နှိမ်နင်းပေးနိုင်ခဲ့ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်အကြီးတန်းသုတေသီတဦးက ဗွီအိုအေကိုပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP)က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Jason Tower ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ရှမ်းမြောက်ပိုင်းက ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဟာ တရုတ်-မြန်မာနယ်စပ်က ဆိုက်ဘာရာဇဝတ်မှုတွေကို နှိမ်နင်းနေတဲ့တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိသလဲ။

Jason Tower: : စစ်ဆင်ရေး ၁၀၂၇ စတင်လိုက်တာနဲ့ တပြိုင်နက် မြန်မာစစ်တပ် အကာအကွယ်အောက်မှာ ဖြစ်နေတဲ့ ရာဇဝတ်မှုတွေအားလုံးဟာ ဘယ်လောက်ထိ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသလဲဆိုတာကို တရုတ်ဘက်က အမှန်တကယ်သိရှိသွားတယ်လို့ ကျနော်မြင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် အောက်တိုဘာလ ၂၀ ရက်မှာ မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ် ထိန်းချုပ်ထားတဲ့ ခြံဝင်းတခုထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ အတင်းအကြပ်စေခိုင်းခံရသူ တရုတ်နိုင်ငံသား အများအပြားဟာ အဲဒီခြံဝင်းထံကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းချိန်မှာ နယ်ခြားစောင့်တပ်တွေနဲ့ မြန်မာလုံခြုံရေးတပ်တွေက သူတို့တွေကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကိုးကန့် MNDAA နဲ့ မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ နောက်ကွယ်မှာ တရုတ်ရှိနေတယ်ဆိုတဲ့ အဓိကအကြောင်းအရင်းက သူတို့နိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ပစ်သတ်ခံခဲ့ရတဲ့ အခြေအနေကြောင့်ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ တကယ့်ကို ထူးခြားပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အဓိကအရေးပါတဲ့ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး အရှိန်အဟုန်ကို မြင့်မားလာစေခဲ့တာပါ။ တရုတ်နယ်စပ်က ကုန်သွယ်စီးပွားရေး အဓိကမြို့နှစ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ကွမ်းလုံကို ရက်ပိုင်းအတွင်း သိမ်းနိုင်ခဲ့တာတွေ့ရပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် ကျမထပ်ပြီး သေချာအောင်မေးချင်တာက Jason Tower ပြောသလိုဆိုရင် ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွဲရေးမှာ အထောက်အကူပြုခဲ့တယ်ဆိုတဲ့ သဘောလား။

Jason Tower: : ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် မေလကတည်းက တရုတ်က မြန်မာစစ်တပ်ကို ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွဲဖို့ ဖိအားပေးနေပေမဲ့ စစ်တပ်က ဘာဆိုဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ တရုတ်အစိုးရဘက်က ဒီကိစ္စကို စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ သူတို့ရဲ့ အဆင့်မြင့်အရာရှိတွေကို နေပြည်တော်ကို အကြိမ်ကြိမ်စေလွှတ်ခဲ့တာ၊ ဝနဲ့ မိုင်းလားနယ်မြေတွေမှာ အွန်လိုင်းလိမ်လည်တဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို တရုတ်က ဝင်ရောက် အပြင်းအထန်နှိမ်နင်းတာအပြင် ခရိုနီ ကိုးကန့်သူဌေးကြီးတွေ၊ လုပ်ငန်းရှင်တွေ၊ ကိုးကန့်နယ်ခြားစောင့်တပ်က ခေါင်းဆောင်တွေကို တရုတ်ဘက်က ဖမ်းဆီးခဲ့တာ စတဲ့ လုပ်ရပ်တွေမှာ စစ်ကောင်စီဘက်က ဘာတခုမှ ပူးပေါင်းပါဝင်ဆောင်ရွက်တာ မရှိခဲ့သလို ဘာမှ ထူးထူးခြားခြား အပြောင်းအလဲဖြစ်မလာခဲ့ပါဘူး။

ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးကြောင့် အဲဒီအခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။ ကိုးကန့် MNDAA ကနေ ဦးဆောင်ခဲ့တဲ့ စစ်ဆင်ရေးကနေ ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေက အတင်းအဓမ္မစေခိုင်းခံနေသူရတွေကို လွှတ်ပေးအောင် လုပ်ဆောင်ခဲ့ပါတယ်။ လူပေါင်း ၁,၀၀၀ လောက် လွတ်မြောက်လာတာကို ဗွီဒီယိုတွေထဲမှာ တွေ့မြင်ခဲ့ကြပြီး တရုတ်နိုင်ငံသားတွေ တရုတ်ဘက်ကို ပြန်သွားခဲ့ကြတာတွေကို အားလုံးတွေ့မြင်ကြရမှာပါ။

ဒါကြောင့် မြန်မာစစ်တပ်က လနဲ့ချီ ဘာမှမလုပ်ဘဲ ရာဇဝတ်ဂိုဏ်းသားတွေကို အကာအကွယ်ပေးခဲ့ချိန်မှာ ၁၀၂၇ စစ်ဆင်ရေးက ညီနောင်မဟာမိတ်သုံးဖွဲ့က ကိုးကန့်နယ်မြေမှာရှိနေတဲ့ အခြေအနေတွေကို နှစ်ပတ်လောက်ပဲ အချိန်ယူပြီး ပြောင်းလဲအောင် လုပ်နိုင်ခဲ့ပါတယ်။

တရုတ်ဘက်က ကြည့်ရင်တော့ သူတို့လိုချင်တဲ့အတိုင်း ဖြစ်လာတာကို မြင်နေရတာပါ။ သူတို့နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ကိုးကန့်မှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းပြီးတော့ အဓမ္မစေခိုင်းခံရသူတွေ လွတ်မြောက်အောင် ၁၀၂၇ စစ်ဆင်ရေးက လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေးဆပ်မှုအနေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေပိတ်ထားရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်းနယ်စပ်ဒေသတွေဘက်မှာ မြန်မာစစ်တပ်ဘက်က အုပ်ချုပ်ထိန်းသိမ်းနိုင်တဲ့စွမ်းရည်မရှိဘူးဆိုတာ တရုတ်ဘက်က မြင်နေခဲ့တာကြာပါပြီ။ သူတို့ရဲ့ပိုးလမ်းမစီမံကိန်းနဲ့ဆိုင်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေအတွက် မြန်မာစစ်တပ် အသုံးမဝင်ဘူးဆိုတာ တရုတ်က သိထားပါတယ်။ အခုနောက်ဆုံး အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ နှိမ်းနင်းရေး ကိစ္စမှတော့ စစ်ကောင်စီဘက်က ဘာတခုမှ စွမ်းဆောင်နိုင်ခြင်းမရှိဘူးဆိုတာ သက်သေပြခဲ့ပါတယ်။

အင်ကြင်းနိုင်။ ။ ဒါပေမယ့် စစ်ကောင်စီရဲ့ အကြောင်းပြချက်တွေထဲမှာ ဒီရာဇဝတ်ဂိုဏ်းတွေရှိနေတာ၊ အတင်းအဓမ္မစေခိုင်းခံရသူတွေ ရှိနေတဲ့ နေရာတွေက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ မဟုတ်ဘဲ ဝ၊ မိုင်းလား၊ ကိုးကန့်စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်နေတဲ့ အချက်ကို အကြောင်းပြခဲ့သလို တရုတ်အလိုကျ သူတို့ ဘက်က လိုက်လျောဆောင်ရွက်မှုတွေရှိခဲ့တယ်လို့ Phoenix သတင်းဌာနနဲ့ မေးမြန်းခန်းမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသွားတာပါ။ Jason Tower ဘယ်လိုမြင်လဲရှင့်။

Jason Tower: : ကျနော့် အမြင်မှာတော့ အွန်လိုင်းလိမ်လည်တဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို အပြင်းအထန် နှိမ်နင်းဖို့ နိုင်ငံတကာရဲ့တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က တလျှောက်လုံး အလေးအနက်ထားတာ မတွေ့ခဲ့ရပါဘူး။ တကယ်တမ်းမှာ ဒီရာဇဝတ်မှုတွေလုပ်ခွင့်ရအောင် လမ်းဖွင့်ပေးခဲ့သူဟာ မြန်မာစစ်တပ်ပဲဖြစ်ပါတယ်။ စစ်တပ်နဲ့ပူးပေါင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် စောချစ်သူဆိုရင် ထိုင်းနယ်စပတ်လျောက် ကရင်ပြည်နယ်မှာ ကိုယ်ပိုင်မြို့တွေကို တည်ဆောက်ထားပြီး စစ်တပ်ရဲ့ အကာအကွယ်အောက်မှာ ရာဇဝတ်လုပ်ငန်းတွေကို ဆက်ပြီး လုပ်ကိုင်နေတာပါ။ ကိုးကန့်မှာဆိုရင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရိုနီမိသားစုတွေက ရာဇဝတ်လုပ်ငန်းတွေကို လုပ်ကိုင်နေတာပါ။ ကိုးကန့်ခရိုနီအုပ်စုဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၂၀၀၉ ခုနှစ်မှာ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ကိုးကန့် SAC ကိုးကန့် ဒေသအုပ်ချုပ်ရေးအဖွဲ့ဆိုပြီး နယ်ခြားစောင့်တပ်ကို တည်ထောင်ခဲ့တာပါ။ အဲဒီကိုးကန့်နယ်ခြားစောင့်တပ်က တရုတ်နိုင်ငံက အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့နယ်မြေမှာ ရာဇဝတ်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာဖြစ်တယ်။ ဆိုက်ဘာကျွန်ပြုမှုတွေ၊ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေကို ကိုးကန့် နယ်ခြားစောင့်တပ်ဖွဲ့က အဓိကအကာအကွယ်ပေးခဲ့သလို ဒီတပ်ဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုးကန့်ခရိုနီအုပ်စုက ဦးဆောင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG