သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် ၃ မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်


ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်စခန်းတချို့သိမ်းပိုက်ရရှိကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်စခန်းတချို့သိမ်းပိုက်ရရှိကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ့်ခမ်း၊ လားရှိုးနဲ့ လောက်ကိုင် စတဲ့မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို လက်နက်ကြီးကျည်ထိမှန်တာကြောင့် အရပ်သား သေဆုံးထိခိုက်မှုတွေလည်း တိုးလာနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ၂၇ ရက်မြောက်နေ့ တိုက်ပွဲ အခြေအနေ ရန်ကုန်ကပေးပို့လာတဲ့ သတင်းတွေအပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA တအာင်းတပ် တို့အကြား ဒီကနေ့ တိုက်ပွဲတွေကတော့ သီပေါ၊ နမ့်ခမ်းနဲ့ လားရှိုး မြို့နယ်တွေ အတွင်းမှာ အဓိက ဖြစ်ပွားနေတာပါ။ လက်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို သိရဖို့ VOA က မေးမြန်းရာမှာတော့ PSLF/ TNLA ပြောရေးဆိုခွင့် ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးက အခုလို ပြောပါတယ်။

“ ဒီနေ့က တိုက်ပွဲ ၃ နေရာ ဖြစ်မှာပေါ့နော်။ ပထမ တနေရာက မနက် ၆ နာရီက သီပေါမြို့ ကျင်သီ တံတားကို ကျမတို့ ပြန်ပြီးတော့မှ တိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်သွားတယ်။ ဒုတိယတချက်က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းမှာပေါ့နော်။ တိုက်ပွဲဖြစ်သွားတယ်။ အချိန်ကတော့ ၈နာရီ ၄၀။ နမ့်ခမ်းမှာ။ နောက်တနေရာက ဒီ လားရှိုးမြို့နယ် မိုင်းကျတ် တပ်စခန်းကို ပြန်ပြီးတော့မှ တိုက်ခိုက်ခဲ့တယ်။”

လားရှိုးမြို့နယ် မိုင်းကျတ်တပ်စခန်းကို ဒီလ ၂၁ ရက်နေ့ မနက် က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းက ၈ ကြိမ် တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီနေ့ ၂၂ ရက်နေ့ တိုက်ပွဲမှာလည်း ဗုံး ၄၅ လုံး ထက်မနည်း ကြဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

ကျင်သီတံတား တိုက်ပွဲမှာတော့ သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး လူတဦး သေဆုံးခဲ့ရသလို ၃ ဦး ထိခိုက်ခဲ့ကြောင်း သီပေါဒေသခံတဦးက ပြောပါတယ်။

“ တံတားချိုးခံထားရတဲ့ရွာ အဲဒီရွာမှာဖြစ်တယ်။ ကျင်သီရွာ၊ ကျင်သီရွာဆရာ။ မနက်အစောကြီး တည်းကပဲ။ စံဖိတ်မှာ လက်နက်ကြီးကျည် ကျတာ တယောက်သေတယ်။ ၃ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ တိုးဂိတ်အကျော်လေ အဲဒီမှာ စံဖိတ် ကွက်သစ်ဆိုတာ ရှိတယ်။ အဲဒီမှာကျတာ။ ”

ဘယ်သူပစ်တဲ့ လက်နက်ကြီး ကျည်ဖြစ်တယ်ဆိုတာတော့ မသိကြောင်း လည်း ပြောပါတယ်။ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ သတင်းဌာနကတော့ စစ်ကောင်စီတပ်က သီပေါ တံတား ဘက်ကနေ ပစ်ခတ်တဲ့ ကျည်ဖြစ်ကြောင်း ဖော်ပြပေမယ့် VOA အနေနဲ့ သီးခြား အတည်ပြုချက် မရပါဘူး။

လက်ရှိ တိုက်ပွဲဖြစ်ပွား နေတဲ့ နမ့်ခမ်းမြို့ အတွင်းမှာလည်း ၂၁ ရက်နေ့ ညနေက လက်နက်ကြီးကျည် ကျတာကြောင့် လူ ၂ ယောက် သေပြီး ၄ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းနဲ့ ဒီကနေ့မှာတော့ မူဆယ်မြို့က ဘုန်းကြီးကျောင်းမှာလည်း ပေါက်ကွဲမှုဖြစ်ပွားပြီး ကိုရင် တပါး ထိခိုက်ခဲ့ကြောင်း ရှမ်းမြောက်ဒေသက လူ့အခွင့်အရေး မှတ်တမ်းပြုစုနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့ TWO တာဝန်ခံက ပြောပါတယ်။

“ မနေ့တုန်းက ၄နာရီမခွဲခင်ပေါ့နော်။ စစ်ကောင်စီတွေနေတဲ့ စခန်းသစ်ကုန်းကနေ လက်နက်ကြီး ပစ်တာ။ အဲဒီမှာနေတဲ့ ဒေသခံတွေက ပစ်ပြီးတာနဲ့ လူသေတာရှိတယ်ဆိုပြီး သွားကြည့်ကြတာ။ သွားကြည့်ကြတော့ သေတာက ၂ယောက် ၊ ယောက်ျားလေးတယောက်၊ မိန်းကလေးတယောက်ပေါ့။ ၄ယောက်က ဒဏ်ရာရတယ်။ အသက် ၃နှစ်ကျော် ကလေးတယောက် ပါတယ်။ လူနာတွေက အကုန်လုံး မူဆယ်ဆေးရုံရောက်ကုန်တယ်။ ဒီမနက်လည်း အိမ်ထိတာတွေ ရှိတယ်။ ကောင်းတပ်ရွာ ထဲမှာ အိမ် ၂အိမ် ထိတယ်ပေါ့နော်။ အဲဒီဟာလည်း လက်နက်ကြီးပဲ ဖြစ်တယ်ပေါ့။”

ဒီလ ၁၉ရက်နဲ့ ၂၀ရက်တွေက နမ့်ဆန်မြို့နယ် မြို့သစ်ရွာနဲ့ အုမ်းစွမ်ရွာမှာ လေကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတာကြောင့် ကလေး၂ဦးအပါအဝင် ၃ယောက်သေဆုံးပြီး ၁၂ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွား နေကြောင်း၊ ဒီကနေ့ မနက်မှာ စစ်ရှောင်မော်တော်ယာဉ်တစီး လက်နက်ကြီး ထိမှန်တာ ရှိကြောင်း ပြောပါတယ်။

“ ဒီလောက်ကိုင်မြို့ပြင်ဘက်မှာ တိုက်ပွဲဖြစ်တာပါဗျ။ မြို့တွင်းမှာတော့ မရောက်ဘူး။ တုံချိန်လည်း မရောက်ဘူး။ အဲဒါ စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီး ထုတာမှာတော့ လက်နက်ကြီးက လွဲမှားမှုတွေရှိပြီး တုံချိန်မှာ သွားကျတာဗျ။ ဒီနေ့ မနက်ပိုင်းတော့ စစ်ဘေးရှောင်ကား တစီး စစ်ကောင်စီရဲ့ လက်နက်ကြီး ထိပြီးတော့ ပေါက်ကွဲတယ်လို့တော့ ကျနော်လည်း သိရပါတယ်ဗျ။ အခြားနေရာမှာ တိုက်ပွဲ အနည်းအကျဉ်းတော့ ရှိတာသိရပါတယ်။ ဒါပေမဲ့ Update တော့ မလာသေး ဘူး။”

လက်နက်ကြီး ထိမှန်တာကြောင့် ထိခိုက်သေဆုံးတာတွေရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒေသခံတွေကို ဖုန်းခေါ်ဆို မရတာကြောင့် အသေးစိတ်အခြေအနေကိုတော့ မသိရပါဘူး။

ညီနောင်မဟာမိတ်အဖွဲ့တွေက လောက်ကိုင်မြို့ကို တိုက်ခိုက်မယ်လို့ ဒီလ ၁၄ရက် နေ့ ကတည်းက ကြေညာထားတာပါ။ အဲဒီလို ကြေညာပြီးတဲ့ နောက်မှာတော့ လောက်ကိုင်မြို့အနီး ဝန်းကျင် ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လောက်ကိုင်မြို့မှာ လာရောက် အလုပ်လုပ်ကိုင် နေသူတွေ အဖို့ နေရပ်ပြန်ဖို့ အခက်ကြုံနေရသလို မြို့တွင်း မှာလည်း စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG