သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဖမ်းဆီးမှုတွေအတွက် ဒေသခံတွေစိုးရိမ်


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ပွဲ ပြန်လည်စတင်ခဲ့တဲ့ နေ့ကစပြီး ဒေသခံအရပ်သားတွေ၊ စီးပွားရေးသမားတွေ၊ AA အဖွဲ့နဲ့ ဆက်စပ်သူတွေ အဖမ်းအဆီး ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကလည်း စစ်ကောင်စီက ရခိုင်ဒေသခံ ၇၀ ကျော်လောက်ကို ဖမ်းဆီး ထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေ တိုးလာနေတာကြာင့် ဒေသခံတွေလည်း စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်းက ကတင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်နေ့က စပြီး ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲ စတင်ခဲ့တဲ့ နေ့မှာပဲ စစ်ကောင်စီက ရခိုင်ပြည်တွင်း ကုန်းလမ်း ရေလမ်းတွေ မြို့ဝင်မြို့ထွက် အကုန်လုံးကို ပိတ်ပြီးတော့ တင်းတင်းကြပ်ကြပ်ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင် လာခဲ့တာပါ။

စစ်ကောင်စီအနေနဲ့အခုလို ဖမ်းဆီးမှုတွေဟာ ရခိုင်မြောက်ပိုင်း မှာတင် မဟုတ်ပဲ ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ ၊ ရမ်းဗြဲ စတဲ့ မြို့နယ် တွေမှာလည်း ပိတ်ဆို့ဖမ်းဆီး မှုတွေ လုပ်ဆောင်နေတယ်လို့ ကျောက်ဖြူဒေသခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးကပြောပါတယ်။

“မြို့ပေါ်ရပ်ကွက်တွေမှာ ရှိနေတဲ့လူတွေ စစ်ကောင်စီလွှမ်းမိုးထားတဲ့နေရာမှာရှိနေတဲ့ မြို့ပေါ်ရပ်ကွက်က လူတွေကို ကျတော့ ကင်းလှည့်ပြီးတော့ စစ်ဆေးတာတွေ၊ ဖုန်းတွေကို စစ်ဆေးပြီးတော့ ဖမ်းတာတွေ။ နောက်တချက်က ညပိုင်းဝင်ပြီးတော့ ဖမ်းတာတွေ လုပ်နေတာကို တွေ့ရတယ်။ ဒါကတော့ လူထုကို လှောင်ပိတ်ပြီးတော့ ခြိမ်းခြောက်တဲ့ နည်းလမ်းတခု ဖြစ်နေတယ်ပေါ့လေ။ ဆိုတော့ ဒီဟာကို ဖြေရှင်းဖို့ အဖြေမရှိဘူး ဒါက နိုင်ငံသား တယောက်မှာရှိတဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာမှု မရှိသမျှ ကာလပတ်လုံးကတော့ ဒီအခြေအနေမျိုးမှာ ဆက်ပြီးတော့ ကြုံတွေ့နေရပါမယ်၊ ဒါက AA ကို ထားတဲ့ ပစ်မှတ်မဟုတ်ဘူး၊ ပြည်သူကို ဦးတည်တဲ့ ပစ်မှတ်မျိုးသာဖြစ်တယ်”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ စာရင်းအရ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးတာ ခံရတဲ့ ရခိုင်ဒေသခံက ၇၂ ဦး ထက်မနည်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိစစ်ကောင်စီ ဖမ်းဆီးထားသူ တွေထဲမှာ ရခိုင်ဒေသခံ စီးပွားလုပ်ငန်းရှင်တွေက အများစုပါဝင် နေတာ ဖြစ်ပြီး ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်မှာဆိုရင်တော့ စစ်ကောင်စီက ဖမ်းဆီးဖို့ စီစဉ်ထားသူတွေကို ပုံနဲ့ တကွ ဖေါ်ပြပြီး နေရာအနှံ့ မှာ စာကပ်ပြီးတော့ ဖမ်းဝရမ်း ထုတ်တာ တွေ့ရတယ်လို့ ရခိုင်ဒေသခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။

“ ရခိုင်မှာ ဒီတခေါက်ကတော့ အရင်တုန်းကထက် တင်းကြပ်တဲ့ ဖမ်းဆီးမှုမျိုးလို့ ပြောလို့ရ တယ်၊ ဘာကြောင့် လဲဆိုတော့ ဒီတခေါက် အဖမ်းခံရတဲ့ လူတွေကို ကြည့်မယ်ဆိုလို့ရှိရင် စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တယ်၊ မြို့မျက်နှာဖုံးတွေဖြစ်တယ်၊ နောက်တခု ကတော့ မောင်တော ဖက်ဆိုလို့ ရှိရင်လည်း ဖမ်းမယ့်သူတွေကို စာကပ်ပြီးတော့ ဝရမ်းထုတ်တဲ့ အထိ လုပ်နေတာရှိ တယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ ဆိုရင်လည်း ပြည်နယ်စစ်ကောင်စီရုံးရှိတဲ့ မြို့တွင်း လမ်းမကြီးကို ပိတ်ထားသလို ရပ်ကွက်တွေ အတွင်း ညဖက်တွေမှာ ဝင်ရောက်ဖမ်း ဆီးတာတွေ ကြုံနေရတယ်လို့ စစ်တွေမြို့ခံတဦးကပြောပါတယ်။

“ ကျနော်တို့မြို့ပေါ်ရပ်ကွက်ထဲကပေါ့နော် ၂ဝရက်နေ့လောက်ကဖြစ်မယ်၊ လူ ၈ယောက် အဖမ်းခံ ရတာရှိတယ်၊ ကျနော်တို့ နေတဲ့ ရပ်ကွက်တော့ မဟုတ်ဘူး နီးတော့နီးတယ်။ နီးတယ်ဆိုတာက လမ်းကတော့ တလမ်းထဲ ကျတယ်၊ ရပ်ကွက်တော့မတူဘူး ဘာရပ်ကွက် လဲဆိုတော့ နာဇီရပ်ကွက် ဖြစ်တယ်။ ”

အခုလို စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ဒေသခံတွေကြား စိုးရိမ်ကြောက်လန့်နေမှုတွေ ရှိနေကြတယ် လို့စစ်တွေ ဒေသခံတဦးကပြောပါတယ်။

“ ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် လုံခြုံမှုတော့ မရှိဘူးပေါ့ဗျာ၊ ဘာလို့လည်းဆိုတော့ ကျနော်တို့ အရင်ဆိုရင် ၉နာရီနောက်ပိုင်းကို သွားလာလို့ ရနေသေးတယ်။ အခုကဒီမှာ ၉နာရီမပြောနဲ့ ၈နာရီ ဆိုရင်တောင် မထွက်ရတော့ဘူး။ပြီးတော့ ဘယ်အချိန် ဧည့်စာရင်းလာစစ်မလဲ စိုးရိမ်နေရတယ် ပြီးတော့ ကျနော်တို့ကိုဘာကြောင့် ဘယ်နားကနေဖမ်းခေါ်သွားမလဲ ကျနော်တို့က စိုးရိမ် နေရ တယ်။ ပြီးတော့ စစ်တွေမှာက လက်နက်ကြီးတွေ ပစ်နေတာရှိတော့ ဘယ်အချိန်လာထိ မလဲဆိုတာကိုလည်း စိုးရိမ်နေရတယ်။”

ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေသလို တိုက်ပွဲတွေကြောင့် အရပ်သား ၁၅ဦး ထက်မနည်း သေဆုံးပြီး လူပေါင်း ၅ဝလောက် ထိခိုက်ဒဏ်ရာရှိခဲ့ထား တာပါ။ ဒါ့အပြင် ပေါက်တောမြို့ပေါ် မှာလည်း စစ်ကောင်စီ နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံ ရာနဲ့ချီ ပိတ်မိနေတာ ရှိသလို လူဦးရေ ၂၀၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG