သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမြို့နယ် မိုင်းကျက်စခန်း TNLA ထိန်းချုပ်


လားရှိုးမြို့နယ် မိုင်းကျက်စခန်း TLNA သိမ်းပိုက် (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
လားရှိုးမြို့နယ် မိုင်းကျက်စခန်း TLNA သိမ်းပိုက် (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ မိုင်းကျက်စခန်းကို တလနီးပါးကြာ တိုက်ခိုက်ပြီးတဲ့နောက် ဒီကနေ့ သိမ်းယူခဲ့ကြောင်း TNLA တအာင်းတပ်က သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ အမြောက်ကြီး ၂လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းတွေ သိမ်းဆည်းခဲ့ကြောင်း TNLA ပြောခွင့်ရသူက ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ နမ့်စလပ် တောင်ကုန်းစခန်းကို စစ်ကောင်စီဘက်က ဓါတု (အဆိပ်ငွေ့)ဗုံး ၄လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်ဒေသ နောက်ဆုံး အခြေအနေအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

TNLA တအာင်းတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးစတဲ့ အောက်တိုဘာလ ၂၇ ရက် နေ့ကနေ စတင်ပြီး မိုင်းကျက် စခန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် လေကြောင်းကနေ အကြိမ်ကြိမ် ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၂၃ ရက်နေ့ ည သန်းကောင်အကျော်မှာ သိမ်းယူ နိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်တာ ဖြစ်ပါတယ်။ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံ အမျိုးသမီးက မိုင်းကျက်စခန်းကို သူတို့ သိမ်းယူခဲ့ကြောင်း VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့က မနက် မနေ့ညလို့ ပြောလို့ ရတာပေါ့နော်။ ၁၂ နာရီ ဝန်းကျင်မှာ ကျမတို့ အဲဒီ စကစရဲ့ လားရှိုးမှာ ရှိတဲ့ မိုင်းကျက်စခန်းကို ကျမတို့ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီ။ သူတို့ရဲ့ လက်နက်ကြီးတွေ ရမယ်။ ပြီးရင် လက်နက်တွေ၊ လက်နက်ကြီးပစ်တဲ့ ကျည်တွေပေါ့။ ဟောင်ဝစ်ဇာပါမယ်၊ ကောင်းတာတလက်၊ နည်းနည်းစုတ်တာက တလက်။ ”

ဒီလ ၂၃ ရက်နေ့က မနက် ၆နာရီမှာ စတင်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က U12 စစ်လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ ခဲ့သလို တိုက်လေယာဉ်နဲ့လည်း ၅ ကြိမ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီကနေ့မှာလည်း MI 35 စစ်ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်တာ ရှိကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ရေးလေ့လာ သုံးသပ်သူတွေကတော့ မိုင်းကျက်တပ်စခန်းဟာ လားရှိုးမြို့နယ် အရှေ့မြောက်ဘက်မှာ တည်ရှိနေပြီး လာရှိုးမြို့ကာကွယ်ရေးအတွက် အရေးပါတဲ့ ဗျူဟာကုန်းဖြစ်ကြောင်း ပြောပါတယ်။ ၂၃ရက်နေ့က နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းကို TNLA တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေရှိခဲ့ကြောင်းလည်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

MNDAA ကတော့ သူတို့ သိမ်းယူခဲ့တဲ့ နမ့်စလပ် တောင်ကုန်းကို စစ်ကောင်စီ ဘက်က ဒီလ ၂၃ ရက် နေ့မှာ ဓါတု(အဆိပ်)ဗုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။

“ ၂၃ ရက်နေ့ နေ့လည် ၃ နာရီ ၁၈ မိနစ်မှာ လာကြဲသွားပါတယ်။ နေရာကတော့ နမ့်စလပ်တဝိုက် တောင်ကုန်းပေါ်မှာရှိတဲ့ တပ်စခန်းတခုကို ကျနော်တို့က သိမ်းပိုက်ထားနိုင်ခဲ့ပြီ။ သိမ်းပိုက်ပြီးတော့ စစ်ကောင်စီက ဓါတုဗုံးတွေနဲ့ ၄လုံးလာကြဲသွားပါတယ်ဗျ။ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ ထိခိုက်ကျဆုံးမှုတော့ မရှိပေမဲ့ ဒီ အဆိပ်ငွေ့ကို ရှုမိလို့ အော့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ဒီလိုအခြေအနေ ဖြစ်ရတဲ့ တပ်ဖွဲ့ဝင်အချို့တွေတော့ ရှိပါတယ်ဗျ။ ”

ဒီလ ၄ ရက်နေ့က TNLA နဲ့ ဖြစ်ပွားတဲ့ မိုင်းကျက်စခန်းတိုက်ပွဲနဲ့ ၁၈ ရက်နေ့က စခန်းသစ်ကုန်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အလားတူ ဓါတုလက်နက်သုံးခဲ့ကြောင်းလည်း ညီနောင်မဟာမိတ် အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ TNLA က အထိအခိုက် အကျအဆုံး များတာကြောင့်အဆိပ်ငွေ့နဲ့ တိုက်တာလို့ ဝါဒါ ဖြန့်နေ တာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

၂၃ ရက်နေ့ မနက်ပိုင်းက မူဆယ်မြို့နယ် ကောင်းခံရွာအနီးရှိ ကားကြီးဝင်းကို MNDAA နဲ့ TNLA အဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၃ရက်နေ့ ညနေပိုင်း မှာ သတင်းထုတ်ပြန်ထားပါတယ်။

“ ဒီနေ့မှာတော့ မနက် ၉နာရီ ၄၅မိနစ်လောက်မှာ မူဆယ်မြို့နယ် ကောင်းခံကျေးရွာအနီးရှိ Seven ဟွာကျင့် ကုန်တင်ကုန်ချ ကားကြီးကွင်းကို MNDAA နဲ့ TNLA ပူးပေါင်းအဖွဲ့ သောင်းကျန်းသူအဖွဲ့က ကောင်းခံရွာရဲ့ တောင်ဘက်ကနေ Drone များနဲ့ ကားတွေပေါ် Drop Bomb များ ကြဲချခဲ့တာရှိပါတယ်။”

ဒီတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် အစီး ၁၂၀ခန့် မီးလောင်ပျက်စီး ခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီ တိုက်ခိုက်ခံရတဲ့ နေရာဟာ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေး ဂိတ်အနီးဖြစ်ပါတယ်။ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကျင်စန်းကျော့ ဂိတ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

“ မနေ့ ဖြစ်စဉ်ကတော့ ကျမတို့ လိုင်းပေါ်မှာပဲ တွေ့လိုက်တယ်လေ။ အသေးစိတ်အခြေအနေကတော့ ကျမတို့လည်း စုံစမ်းနေဆဲဖြစ်တယ်။ ဘယ်လိုကြောင့်ဖြစ်တာလဲ မီးကြောင့်ဖြစ်တာလား။ ဒါမှမဟုတ်လည်း လက်နက်ကြီးကြောင့် ဖြစ်တာလား။ ကျမတို့ အတည်ပြုလို့ မရသေးဘူး။ အဲဒါကို လည်း အခုထိ စုံစမ်းနေဆဲဖြစ်တယ်။”

MNDAA ရဲ့ ပြောရေဆိုခွင့်ရှိသူ လီကျာဝင်းကတော့

“ ကျနော်တို့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ဒီကားကွင်းကြီးက ရှင်းရှင်းပြောရရင် ကျနော်တို့ရဲ့ စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူး။ ပြီးတော့ စစ်ကောင်စီရဲ့ တပ်စခန်းတို့ ဘာတို့လည်း မဟုတ်ဘူး။ ဆိုတော့ ကျနော်တို့ အနေနဲ့က ဒီဥစ္စာကို သွားရောက်တိုက်ခိုက် စရာ အကြောင်းရင်းကို ကျနော်က ရှာလို့ မရတာနော။”

ကိုးကန့်ဒေသရဲ့ ဒီနေ့ တိုက်ပွဲအခြေအနေကို မေးမြန်းရာမှာတော့ အခုချိန်ထိ အသေးစိတ်အခြေအနေ မသိရသေးကြောင်း ဖြေဆိုပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းမြောက်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး နမ့်စလပ်မှာ တိုက်ပွဲ ဖြစ်ပွား နေတာ ၂ပတ်ခန့်ရှိပြီဖြစ်ကြောင်း၊ တပ်မတော်ဘက်က အင်အားဖြည့်တပ်တွေ ရောက်ရှိပြီး နောက် ၂၃ရက်နေ့ ညနေပိုင်းမှာ ရန်သူဘက်က အကျအဆုံး များစွာရှိတယ်လို့ သိရကြောင်းနဲ့ လောက်ကိုင်မှာတော့ မြို့ထဲကို ရှော့တိုက်ဒုံး ၇ လုံးပစ်ခတ်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ဝန်းကျင်မှာ တိုက်ပွဲငယ်တွေ ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မြို့ဝန်းကျင်မှာ စစ်ရေးတင်းမာနေတာဟာ ၁၀ရက်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ MNDAA ကတော့ လောက်ကိုင်မြို့ အတွင်းပိတ်မိနေ သူတွေကို ထွက်ခွာဖို့လမ်းကြောင့်ဖွင့်ပေးပြီး ကူညီနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG