သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင် ၁၀ နှစ် ချမှတ်ခံရ


 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ရှင်းလင်းပြောဆိုနေစဉ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ရှင်းလင်းပြောဆိုနေစဉ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကို စစ်ကောင်စီက ပုဒ်မ ၂ခုနဲ့ ထောင်ဆယ်နှစ် ချမှတ်လိုက်တယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက အတည်ပြုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က ပြောပြမှာပါ။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးပြီးတဲ့နောက် တပါတ်အတွင်းမှာတင် ပုဒ်မ ၂ခုနဲ့ တရားရုံးထုတ်ခဲ့ပြီး တလအတွင်း အခုလို အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်အပေါ် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင် (၃)နှစ်၊ အစိုးရဝန်ထမ်းတွေအပေါ် ဝတ္တရားနှောင့်ယှက်မှုဖြစ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၄(ဃ) နဲ့ ထောင် (၇)နှစ်၊ ပေါင်း ၁၀နှစ်ချမှတ်ခဲ့တယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

“ဒီနေ့အမိန့်ချလိုက်တာလေ ၅၀၅(က) နဲ့က ၃နှစ် နောက် ၁၂၄(ဃ) နဲ့ ခုနှစ်နှစ် စုစုပေါင်း ၁၀နှစ်ချလိုက်တာ။ ၁၂၄(ဃ) က နိုင်ငံတော် အကြည်ညိုပျက်စေမှုပေါ့ကွယ်။ ပြည်သူ့ဝန်ထမ်းဆောင်ရွက်မှုတွေမှာ ဝင်ရောက်ဟန့်တားနှောက်ယှက်မှု ပေါ့ကွယ်။ မြန်တယ်ဆိုတာက သူကရှေ့နေမငှားဘူး။ ဝန်ခံတာတော့မဟုတ်ဘူး အမှုကထင်ရှားတယ်ဆိုပြီးမြန်သွားတာပေါ့။ စစ်တာတော့စစ်တယ်။ သူ့ကို ၁၄ရက်နေ့မှာ တရားစွဲတင်ပြီး နောက်တပါတ်ကနေ စ စစ်တာ။ တပါတ်ကို ၂ချိန်း လားမသိဘူးစစ်တာ။”

အင်းစိန်အကျဉ်းထောင် အထူးတရားရုံးမှာ အလုံ ခရိုင်တရားသူကြီးက အမိန့်ချခဲ့တာဖြစ်တယ်လို့နီးစပ်သူကပြောပါတယ်။ အငြိမ်းစား စစ်အရာရှိတဦးရဲ့ အိမ်လိပ်စာကို သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုတယ်လို့ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ Telegram လူမှု ကွန်ရက်မှာ စွပ်စွဲဖော်ပြထားပြီး တပတ်အကြာ အောက်တိုဘာ ၂၈ရက် ညပိုင်းက သူ့အိမ်မှာဘဲ ဦးရဲထွဋ် ဖမ်းဆီးခံရတာပါ။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြည်သူလူထုအကြား ထိတ်လန့်အောင်ပြုတာ၊ မမှန်သတင်းများ ဖြန့်ဝေတာ၊ အစိုးရဝန်ထမ်းများအပေါ် ပြစ်မှုကျူးလွန်လာအောင် ရည်ရွယ်လှုံ့ဆော်တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာချုပ်က ဗိုလ်မှုးအဆင့်ရှိသူတဦးက အလုံမြို့နယ် ရဲစခန်းမှာ သူ့အပေါ် တိုင်တန်းအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဦးရဲထွဋ်ကို ထောင် ၇နှစ်ချခဲ့တဲ့ ပုဒ်မ ၁၂၄(ဃ)ဟာ စစ်ကောင်စီလက်ထက်မှာ အသစ်ပြင်ဆင်ခဲ့တဲ့ ပုဒ်မတခုဖြစ်ပါတယ်။ ပုဒ်မမှာ ဖော်ပြထားချက်အရ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ၊ အစိုးရအရာထမ်းအမှုထမ်းတွေ တာဝန်ဝတ္တရား ကျေပွန်စွာ မထမ်းဆောင်စေရန် လုပ်ဆောင်ရင် အရေးယူနိုင်အောင် ပြဌာန်းထားတာဖြစ်ပါတယ်။ ဒီပုဒ်မကို ကျူးလွန်ခဲ့ရင် ထောင်ဒဏ် ၇နှစ်၊ ငွေဒဏ်နဲ့ ဒဏ် ၂ ရပ်စလုံး အပြစ်ပေးနိုင်တယ်လို့ဖော်ပြထားပါတယ်။

အသက် ၆၄ နှစ်အရွယ် ဦးရဲထွဋ် ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးနဲ့ သမ္မတ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးလည်းဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သူ့လူမှုကွန်ယက်ပေါ်မှာ ခရီးသွား ဆောင်းပါးတွေ အပါအဝင် လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ထင်ဟပ်စေတဲ့ နိုင်ငံရေး ဆောင်းပါးတွေကို ရေးသားခဲ့သလို၊ မကြာ သေးခင်ကလည်း “ဘယ်ကိုသွားမလဲ….ကမ္ဘာကြီးနှင့် လှိုင်သာယာ” စာအုပ်ကို ထုတ်ဝေထားသူတဦး လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG