သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ ကွယ်လွန်


နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ
နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ

အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Henry Kissinger (ဟင်နရီကစ်ဆင်ဂျာ) မနေ့က ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်သွားပါတယ်။ ဟင်နရီကစ်ဆင်ဂျာ ဟာ သမ္မတဟောင်း Richard Nixon နဲ့ Gerald Ford တို့ နှစ်ယောက်စလုံး လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ရေးရာကိစ္စတွေမှာ အောင်မြင်အောင် စွမ်းဆောင်ခဲ့တဲ့ ထူးခြားတဲ့ သံတမန်တဦးအဖြစ် ထင်ရှားခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံတကာ သံတမန်ရေး ကိစ္စ အောင်မြင်မှုတွေအတွက် ချီးကျုးခံရသူ တဦးဖြစ်ပေမဲ့လည်း သူ့ရဲ့ ကမ္ဘာ့နိုင်ငံရေး တွက်ဆချက်တွေအပေါ် အငြင်းပွားမှုတွေ ဝေဖန်မှုတွေလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ သူ ဘာကြောင့် သေဆုံးတယ်ဆိုတာကိုတော့ သူတည်ထောင်ထားတဲ့ အကြံပေး ပညာရှင်အဖွဲ့က ကြေညာခြင်း မရှိပါဘူး။

ဟားဗတ်တက္ကသိုလ်မှာ စာသင်ကြားပို့ချခဲ့တဲ့ သမိုင်းပညာရှင် တဦးလည်းဖြစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တဦးလည်း ဖြစ်တဲ့ ကစ်ဆင်ဂျာဟာ အသက် ၁၅ နှစ်အရွယ် ၁၉၃၈ ခုနှစ်က နာဇီလက်ထက် ဂျာမနီနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို မိသားစုနဲ့အတူ လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တဦး ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်မှာ အမှုထမ်းခဲ့ပြီး နောက်ပိုင်း သမ္မတဟောင်း နစ်ဆင် လက်ထက် ၁၉၆၉ ခုနှစ်မှာ အမျိုးသားလုံခြုံရေးအကြံပေး အဖြစ်တာဝန်ယူခဲပြီး ၁၉၇၃ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် အကြား၊ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှား အကြား ဆက်ဆံရေးတင်းမာမှုတွေ လျော့ကျနိုင်အောင် သူ့ရဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေအတွက် အများက ချီးကျုးခဲ့ကြပါတယ်။ ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ရေး ညှိနိုင်းခဲ့တဲ့ ကြိုးပမ်းမှုတွေအတွက် မြောက်ဗီယက်နမ် ကိုယ်စားလှယ် Le Duc Tho (လီဒပ်သို) နဲ့အတူ ၁၉၇၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ၁၉၇၅ ခုနှစ် အီဂျစ်နဲ့ အစ္စရေးအကြား Sinai (ဆိုင်နိုင်း) သဘောတူညီချက် ရဖို့ ကြားဝင်ပေးခဲ့သလို၊ အာရတ်နဲ့ အစ္စရေးအကြား ငြိမ်းချမ်းရေးအတွက် လွန်းပျံ သံတမန်ရေးကျင့်စဉ်လို့ လူသိများတဲ့ အကြိမ်ကြိမ် အပြန်ပြန်အလှန်လှန် သွားရောက် ချဉ်းကပ်တဲ့နည်းနဲ့ အောင်မြင်အောင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဟင်နရီကစ်ဆင်ဂျာ ရဲ့ သံတမန်ရေး ကျင့်စဉ်ဟာ ကျင့်ဝတ်အရ မှန်ကန်မှုထက် ပကတိအခြေအနေပေါ်လိုက်ပြီး လက်ငင်းအကျိုးကိုသာ ကြည့်လေ့ရှိတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ကမ္ဘာ့သမိုင်းမှာ ၁၉၆၉ နဲ့ ၇၀ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားနိုင်ငံ တဝှမ်း ဗုံးကျဲတိုက်ခိုက်ခံရမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ပါကစ္စတန်ရဲ့ နှိမ်နှင်းတိုက်ခိုက်မှုနဲ့ အာဂျင်တီးနားနိုင်ငံမှာ အတိုက်အခံတွေကို နှိမ်နှင်းခဲ့မှု စတဲ့ ဖြစ်စဉ်တွေအပေါ် သူ့ရဲ့ အမြင်တွေကို ဝေဖန်သူတွေ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းကို ရုရှားကျုးကျော်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းနာနဲ့ ပတ်သက်လို့လည်း အမေရိကန်နိုင်ငံရေးလောကအတွင်းမှာ သူနဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ အသက် ၁၀၀ အရွယ်မှာပဲ တရုတ်နိုင်ငံ ဘီဂျင်းမြို့တော်ကို သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံကို အကြိမ်ပေါင်း ၁၀၀ ကျော် သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းအဖြစ် သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG