သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မှာပိတ်မိနေတဲ့ ထိုင်း ၁၀၀ ကျော်ကို ပြန်လွှဲပြောင်းပေး


ရှမ်းမြောက်မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှဲပြောင်းပေး (ဒီဇင်ဘာ ၁၅၊ ၂၀၂၃)
ရှမ်းမြောက်မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှဲပြောင်းပေး (ဒီဇင်ဘာ ၁၅၊ ၂၀၂၃)

မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်ဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၁၁ ယောက်ကို ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်မှာ မြန်မာအာဏာပိုင်တွေက တာချီလိတ် မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီလိုပြန်ပို့ခဲ့သူ တွေထဲမှာ ထိုင်းအစိုးရ အလိုရှိနေသူ ၁၀ ယောက်ပါဝင်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင် ဒေသ စစ်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၁၁ ဦးကို ထိုင်းနယ်ခြားကော်မတီ TBC တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး မြန်မာအာဏာပိုင်တွေက လွှဲပြောင်း ပေးခဲ့ပါတယ်။

အခု ပြန်လွှဲပြောင်းပေးခဲ့တဲ့ ထိုင်းနိုင်ငံသား တစ်ရာကျော်ဟာ လောက်ကိုင်က အွန်လိုင်း လိမ်လည်ဂိုဏ်းတွေမှာ အတင်းအကြပ် ခိုင်းစေခံနေရသူတွေလို့ဆိုပါတယ်။ သူတို့ကို မြန်မာ- ထိုင်း အာဏာပိုင်တွေက လောက်ကိုင်ကနေ ကျိုင်းတုံ၊ အဲဒီကတဆင့် ခရီးသည်တင် ဘတ်စ်ကားတွေနဲ့ တာချီလိတ် ကို ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။

တာချီလိတ်ကနေ မယ်ဆိုင်ကို ပို့ပေးခဲ့တာ ဖြစ်ပြီး သူတို့ကို ထိုင်း-မြန်မာ နယ်ခြားကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူး Natee Thimsen နတီသင်စင် ဦးဆောင်ပြီး လက်ခံခဲ့ပါတယ်။ ပြန်လွှဲပြောင်းပေးခဲ့တဲ့ ထိုင်း ၁၁၁ ဦး ကို သူနဲ့ အတူ မယ်ဆိုင်မြို့က အာဏာပိုင်တွေက လက်ခံခဲ့တာ ဖြစ်ပြီး သူတို့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ မယ်ဆိုင်အုပ်ချုပ်ရေး အဆောက်အဦးဆီ ခေါ်ဆောင်သွားတာပါ။

ဒီကနေ့ ပြန်လွှဲပြောင်းပေးတဲ့ ထိုင်းနိုင်ငံသား ၁၁၁ ဦးထဲမှာ အမျိုးသမီး ၃၇ ဦးနဲ့ အမျိုးသား ၇၄ ပါဝင်ပြီး အဲဒီထဲက ၁၀ ဦးဟာ ထိုင်းအစိုးရက ဖမ်းဝရမ်း ထုတ်ထားတဲ့ မှုခင်းကျူးလွန်ထားသူတွေ ပါဝင်ကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖေါ်ပြကြပါတယ် ။ ကျန်သူတွေကတော့ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကနေ တလ ပုံမှန်လစာ ဘတ် ၂၀၀၀၀ ရမယ်ဆိုပြီး ပုံစံမျိုးစုံနဲ့ စည်းရုံး ခေါ်ယူပြီး အွန်လိုင်း လိမ်လည်ဂိုဏ်း ကောစင်တာ (Call center) တွေမှာ လုပ်ကိုင်နေရသူတွေလို့ သိရပါတယ်။

အခုလိုပြန်လည် ကယ်တင်ခေါ်ယူနိုင်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၁၁၁ ဦးအရေး နဲ့ ပါတ်သက်ပြီး ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးရာဌာနက ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စ ကန်ချမ်းနာ ပတ်သရာချောင် က ခုလို ပြောဆိုသွားပါတယ်။

"အခုလို လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ဖို့မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး တာဝန်ရှိသူတွေ အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ် ။ လောက်ကိုင်ဒေသ မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေ အလုပ်လုပ်နေတဲ့ နေရာတွေက လုပ်ငန်းရှင်တွေနဲ့ ညိနှိုင်းပြီး ခေါ်ထုတ်လာနိုင်ခဲ့တာပါ"

မြန်မာဘက်က အာဏာပိုင်တွေကို ကိုယ်စားပြုပြီး လာရောက် လွှဲပြောင်းပေးခဲ့တဲ့ ဗိုလ်မူးကြီးစိုးဝင်း ကလည်း အခုလိုပြောသွားပါတယ်။

"ထိုင်းနိင်ငံသားတွေကို မြန်မာ့တပ်မတော်နဲ့ထိုင်းတပ်မတော်တို့ပူးပေါင်းပြီး ကူညီဆောင်ရွက် ပေးခဲ့ပါတယ် ။ အဲဒီအတွက်လည်း နောင်မှာ ထိုင်းနဲ့မြန်မာ ချစ်ကြည်ရင်းနှီးစွာနဲ့ ယုံကြည်မှုတွေ တည်ဆောက်သွားနိုင်ပါလိမ့်မယ်"

အခုဆိုရင် လောက်ကိုင်ဘက်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်နိုင်ခဲ့တာဟာ ဒီကနေ့ ရောက်လာသူတွေနဲ့ ပါဆိုရင် ထိုင်းနိုင်ငံသား စုစုပေါင်း ၅၂၅ ဦး ရှိပြီ ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ဌာန ကနေ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG