သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲမွဲတေမှုနဲ့ မြန်မာ့စီးပွားရေး ပြိုလဲမှု UNDP သတိပေး


MYANMAR-ECONOMY-POVERTY
MYANMAR-ECONOMY-POVERTY

ဆင်းရဲမွဲတေမှုနဲ့ မြန်မာ့စီးပွားရေး ပြိုလဲမှု UNDP သတိပေး

စစ်ပွဲနဲ့ ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ အရင်က မကြုံဖူးသေးတဲ့ အရှိန်အဟုန်နဲ့ ဆင်းရဲမွဲတေမှု မြင့်တက်နေပြီး စီးပွားရေး ပြိုလဲနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗျူရို လက်ထောက်အတွင်းရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး ကန်နီဝီဂ္ဂနာရာဂျာ (Kanni Wignaraja) က ဝါရှင်တန်အခြေစိုက် National Journal ရဲ့ မေးမြန်းခန်းမှာ ဒီဇင်ဘာ ၂၂ ရက် (သောကြာနေ့) က ပြောလိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအနှံ့ နီးပါး ဖြစ်နေပြီး တိုင်းရင်းသားဒေသတွေမှာချည်း မဟုတ်ဘဲ နိုင်ငံရဲ့ အချက်အချာကျတဲ့ နေရာတွေမှာလည်း ဖြစ်နေတယ်လို ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အရင်က မတွေ့ဖူးတဲ့ အတိုင်းအတာနဲ့ အကြွေးနွံနစ်နေတဲ့ မိသားစုတွေကို အများအပြား တွေ့မြင်နေရပြီး သူတို့မှာ မျှော်လင့်ချက်ကင်းမဲ့နေတယ်လို့လည်း ဒေသဆိုင်ရာ UNDP အကြိုးအကဲက ထောက်ပြပါတယ်။

“ဒါက နိုင်ငံရေး ကမောက်ကမ ဖြစ်မှု၊ လူ့အခွင့်အရေး ကပ်ဘေးနဲ့ စီးပွားရေး ဘေးဒုက္ခသင့်နေတာပါ။ ဒီပြဿနာကို လူသားချင်းစာနာထောက်ထားမှုအကူအညီ သက်သက်နဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ နိုင်ငံရေးအရ ပြဿနာကို အဖြေရှာရမှာ ဖြစ်လို စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်ဖို့ နယ်ပယ်အနှံ့ ဖြန့်ကျက် ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ အဲဒီအခါမှာမှ အဆင်းရဲဆုံးသူတွေကို ကူညီထောက်ပံ့ဖို့ လူသားချင်းစာနာထောက်ထားမှု အကူအညီက ထိရောက်နိုင်မယ်” လို့ သူက ပြောပါတယ်။

ဒီလို ကုလ အကူအညီပေးရေး အေဂျင်စီရဲ့ ဒေသဆိုင်ရာ အကြီးအကဲက မြန်မာနိုင်ငံ အခြေအနေ ပြောဆိုချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေက ဆက်ဖြစ်နေပါတယ်။

ရှမ်းမြောက်က နမ္မတူ၊ မန်တုံနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ TNLA တအာင်းတပ်မတော် နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြင်းထန်နေပြီး ဒီဇင်ဘာလ (၂၂) ရက် သောကြာနေ့မှာဆိုရင် စစ်ကောင်စီဘက်က မန်တုံမြို့အနီးတဝိုက်ကို ဂျက်ဖိုက်တာနဲ့ (၁၃) ကြိမ်၊ Y12 လေယာဉ်နဲ့ (၄၈) ကြိမ်နဲ့ ဗုံး (၂၅၈) လုံး နဲ့ တနေ့တည်း စံချိန်တင် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က သောကြာညပိုင်းမှာ သတင်းထုတ်ပြပါတယ်။

တရုတ် အကူအညီနဲ့ ယာယီအပစ်ရက်ထားတယ်ဆိုတဲ့ ကိုးကန့်ဒေသမှာလည်း ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ စစ်ကောင်စီဘက်က လေကြောင်းနဲ့ (၄၉)ကြိမ် တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ ဒါ့အပြင် ညီနောင်မဟာမိတ် အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီကြားမှာလည်း ဒီဇင်ဘာ ၂၂ ရက်နေ့ (သောကြာနေ့) မှာ အိန္ဒိယနယ်စပ် က ပလက်ဝမြို့နယ်၊ ပွိင့် (၃၇၇) စခန်းအပါအဝင် ရခိုင်မြောက်ပိုင်းက မောင်တော အပြင် ကျောက်ဖြူမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းအနီးမှာ အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG