သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦး ဘုရားပေါ်ဒုက္ခသည်စခန်း လက်နက်ကြီးထိမှန်၊ ၅ ဦး သေဆုံး


မြောက်ဦးပြတိုက် လက်နက်ကြီးကျည်ကျပြီး ပျက်စီးခဲ့ (ဒီဇင်ဘာ ၂၅၊ ၂၀၂၃)
မြောက်ဦးပြတိုက် လက်နက်ကြီးကျည်ကျပြီး ပျက်စီးခဲ့ (ဒီဇင်ဘာ ၂၅၊ ၂၀၂၃)

ရခိုင်ပြည်နယ်က မြို့တချို့မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေဆဲဖြစ်ပါတယ်။ မနေ့က ဆိုရင်လည်း မြောက်ဦးမြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ဘေးဒုက္ခသည် ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ မြောက်ဦးမြို့ပေါ်က ခရိုင်ရဲတပ်ရင်းကိုတော့ AA ရက္ခိုင့်တပ်တော်က သမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်းလည်း AA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းက ဘူးသီးတောင် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ် တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား မနေ့ကအထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ မြောက်ဦးမြို့ပေါ်မှာ ဆိုရင် မနေ့က ညနေပိုင်းက နှစ်ဘက် တိုက်ပွဲ ပြင်းထန် ခဲ့သလို စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကပါ တိုုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ၆ ဦး ထက်မနည်းလည်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

မြောက်ဦးမြို့ပေါ်က ဘုးရားပေါ်စစ်ဘေးဒုက္ခသည်စခန်းကို မနေ့က ညနေ ရ နာရီကျော် လောက်မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ကလေး ၄ ဦးနဲ့ သက်ကြီးပိုင်း အမျိုးသမီး တဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဘုရားပေါ်စစ်ဘေးဒုက္ခသည် စခန်းတာဝန်ရှိသူ တဦးကပြောပါတယ်။

“ မနေ့ညက ၇ နာရီ ၂၅ မိနစ်မှာ လက်နက်ကြီးကျတယ်၊ သေသွားတဲ့သူက ငါးယောက်ပေါ့၊ ၆ယောက်လောက် ဒဏ်ရာရ ပါတယ်၊ သေသွားတဲ့ ထဲမှာ ကလေး ၄ယောက် အဒေါ်ကြီးတယောက်၊ ငါးယောက်ထဲမှာ ယောကျာ်း၂ယောက် မိန်းမကတော့ ၃ယောက်ပေါ့ သေသွားကြတာ။”

သေဆုံးသွားတဲ့ ဒုက္ခသည်တွေဟာ ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေက ဒုက္ခသည်တွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ လောက်ကတည်း အဲဒီ ဘုရားပေါ် စစ်ဘေးဒုက္ခသည် စခန်းမှာ နေထိုင် နေကြသူ တွေလည်းဖြစ်ပါတယ်။ အဲဒီ ဒုက္ခသည်စခန်းက အသက်၂ဝ ကျော် အရွယ် အမျိုးသမီးတဦးကတော့ လက်နက်ကြီးကြောင့် ကလေးတွေ သေဆုံးသွားတာ နဲ့ပတ်သက်ပြီး သူ့ခံစားချက်ကို အခုလိုပြောပါတယ်။

“ သေသွားတဲ့ ကလေးတွေရဲ့ မိဘနေရာမှာ ဝင်ကြည့်လိုက်မယ်ဆိုရင် ပြောစရာ စကား တောင် မရှိတော့ဘူး၊ ဘုရားပေါ်စစ်ဘေးရှောင်စခန်း ကိုတောင် မသွားချင်တော့ဘူး၊ ကလေးတွေကို မျက်လုံးထဲမှာ မြင်နေရတယ်။ သူတို့ မိဘတွေ ဘယ်လောက်ခံစားရမလဲဆိုတာ စဉ်းစားလို့မရဘူး”

အဲဒီမြောက်ဦးမြို့ပေါ်က ဘုရားပေါ်စစ်ဘေးဒုက္ခသည် စခန်းမှာ လူဦးရေ ၄ဝဝ နီးပါး နေထိုင်ကြတာဖြစ်ပါတယ်။ အခု တိုက်ပွဲတွေ ဖြစ်ပွါးလာတာကြောင့် ဘေးလွတ်မယ်လို့ ထင်တဲ့နေရာတွေကို ထွက်ပြေး နေကြရသလို ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင် နေကြရတယ်လို့ စစ်ဘေးဒုက္ခသည် စခန်းကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အမျိုးသမီးတဦးက ပြော ပါတယ်။

“ မြောက်ဦးကနေ ၂ နာရီ ကျော်လောက် လာရတယ်၊ ညီမတို့မှာ ဒုက္ခမျိုးစုံပဲ၊ စားစရာလည်း မပါဘူး။ အထုပ်တွေလည်း မပါဘူး၊ အစားအသောက်တွေလည်းမပါဘူး၊ ညမတို့ တရက်နဲ့ တည အဲဒီ တိုက်ပွဲကြားမှာ နေခဲ့ရတာ။”

မြောက်ဦးမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကလည်း လက်နက်ကြီးကျည် ကျရောက်ပြီး သေဆုံးသူ ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ ရက်နေ့မှာ တကျော့ပြန် စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေဟာ ဒီကနေ့ အထိ ပြင်းထန်နေဆဲ ဖြစ်သလို ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းမှာ ရာနဲ့ချီတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို AA ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ မနေ့က ညနေပိုင်းကလည်း မြောက်ဦးမြို့ပေါ်က ခရိုင်ရဲစခန်း ကို အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ဘက်က ထုတ်ပြန် ထားတာပါ။ အခုလို AA ဘက်က သတင်းထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုတာ မရှိသေးပါဘူး

AA အဖွဲ့ ထုတ်ပြန် ချက်မှာတော့ ကျောက်တော်မြို့နယ် အထက်တင်းမကျေးရွာ အနီးမှာရှိတဲ့ တောင်ရှည်တောင် ဗျူဟာကုန်းကို AA က တိုက်ခိုက်နေသလို ပလက်ဝမြို့နယ် အတွင်းက ခဝဲဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေး အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG