သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 စစ်ကောင်စီ လက်နက်ကြီးကျည်ထိလို့ ကောလင်းမှာ လူ ၃ ဦးထက်မနည်း သေဆုံး


လက်နက်ကြီးကျည်ထိလို့ ကောလင်းမှာ လူ ၃ ဦးထက်မနည်း သေဆုံး (ဓာတ်ပုံ - ကောလင်းပြည်သူမှပြည်သူသို့) ဒီဇင်ဘာ ၂၈၊ ၂၀၂၃
လက်နက်ကြီးကျည်ထိလို့ ကောလင်းမှာ လူ ၃ ဦးထက်မနည်း သေဆုံး (ဓာတ်ပုံ - ကောလင်းပြည်သူမှပြည်သူသို့) ဒီဇင်ဘာ ၂၈၊ ၂၀၂၃

ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ကောလင်းမြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူတွေ ရှိခဲ့ပါတယ်။ ကသာမြို့နယ် မိုးတားလေး ရဲစခန်းအနီးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေး တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးတာတွေရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

စစ်ကောင်စီအုပ်ချုပ်မှုကနေ ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူလိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဒီဇင်ဘာ ၂၈ ရက်၊​ ဒီကနေ့ မနက်ပိုင်းမှာ ဝန်းသိုမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်က အမြှောက်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးနဲ့ အမျိုသား ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနဲ့ သံဃာတော် ၁ ပါး ထိခိုက် ဒဏ်ရာ ရခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကောလင်းမြို့ခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဝန်းသိုတပ်ကနေ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ကောလင်းမြို့ကို ၁၀ နာရီခွဲမှာ တကြိမ် ၁၀ နာရီ ၃၅ မှာ တကြိမ် ၁၁ နာရီမှာတကြိမ် ၁၁ နာရီ ၃၀ မှာတကြိမ် ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်။ ပစ်တဲ့အချိန် ကောလင်းက ဒေသခံ ၅ ဦး လက်နက်ကြီး ထိမှန်ပြီး ဘုန်းကြီး အပါအဝင် ဦးကျော်ဝင်းကတော့ ဘုန်းကြီးကျောင်းမှာပဲ ထိမှန်တဲ့အချိန်မှာ ဦးကျော်ဝင်း ၆၆ နှစ်က လက်နက်ကြီးမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီးမှ အသက် ၂ နှစ်အရွယ် ကလေး ၈ နှစ်အရွယ်ကလေး မိခင်နဲ့ ၃ ဦးက နေအိမ်မှာ လက်နက်ကြီး ထိမှန်ပြီး ၂ နှစ်အရွယ်ကလေးက နေရာမှာပဲ ဦးခေါင်းပွင့်သေဆုံးသွားပြီး ၈ နှစ်အရွယ် ကလေးက ဆေးရုံအပို့မှာပဲ လမ်းမှာ သေဆုံးသွားတယ်ပေါ့။ မိခင်ကတော့ လောလောဆယ် ဆေးကုသမှုခံယူနေပြီးတော့ ဆရာတော် တပါးလည်း ဆေးကုသမှု ခံယူနေပါတယ်။”

လက်နက်ကြီးပစ်ခတ်တာကြောင့် နေအိမ် ၃ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို စစ်တပ်ဟာ မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ကသာမြို့ မိုးတားလေးရဲစခန်းအနီးကို ကာကွယ်ရေး တပ်ဖွဲ့တွေ ရောက်နေတဲ့အချိန်မှာ စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ဒဏ်ရာ ရတဲ့သူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ​ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသခံတဦး ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“မိုးတားလေး ရဲစခန်း အရှေ့ရုံးနားမှာချတာ။ PDF တွေရှိတဲ့နေရာလို့ ပြောတာပဲ။ PDF တယောက်တော့ ကျသွားတယ်။ ၃ ယောက် ၄ ယောက်လောက် ထိတာလို့ ပြောတယ်။ ၁ ယောက်က ပေါင်ပြတ်သွားတယ်။ ကျန်တဲ့ဟာက ဒဏ်ရာရသွားတယ်ပြောတယ်။”

လေကြောင်းက တိုက်ခိုက်တာကြောင့် ရဲစခန်းအပါအဝင် ရဲစခန်းအနီးက နေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန် ဒီဒေသမှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က လေကြောင်းကို အဓိက အသုံးပြု တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG