သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းရန်ကာကွယ်ဖို့ ယူကရိန်းကို ဒုံးကျည်ရာချီ ဗြိတိန် ပေးပို့ 


ရုရှားပစ်ခတ်တဲ့ မစ်ဇိုင်းဒုံးကျည် ယူကရိန်း Kyiv မြို့ပေါ် ဦးတည်ပစ်ခတ် (ဒီဇင်ဘာ ၂၉၊ ၂၀၂၃)
ရုရှားပစ်ခတ်တဲ့ မစ်ဇိုင်းဒုံးကျည် ယူကရိန်း Kyiv မြို့ပေါ် ဦးတည်ပစ်ခတ် (ဒီဇင်ဘာ ၂၉၊ ၂၀၂၃)

ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးသုံး ဒုံးကျည် ၂၀၀ ပေးပို့သွားမယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး Grant Shapps သောကြာနေ့က ပြောဆိုလိုက်ပါတယ်။ ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ ရာနဲ့ချီ သုံးပြီး ပစ်ခတ်တိုက်ခိုက်လို့ လူ အယောက် ၃၀ ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက် သောကြာနေ့မှာပဲ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Shapps က X လူမှုကွန်ရက်ကတဆင့် အဲ့ဒီလို ပြောလိုက်တာပါ။

လူတွေ သေကြေနေရတဲ့ ရုရှားသမ္မတ ပူတင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေချိန်မှာ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး အင်အားကို တိုးမြှင့်နိုင်အောင် ဗြိတိန်အစိုးရက အကူအညီတွေ အမြန်ဆုံးပေးနိုင်အောင် ဆောင်ရွက်နေပြီး ပူတင်ရဲ့ အဆင်အခြင်မဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် ရာနဲ့ချီ ပေးပို့ထားတဲ့ အကြောင်း ဝန်ကြီး Shapps က X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ရုရှားဟာ သောကြာနေ့တုန်းက S−300 အမျိုးအစား တာဝေးပစ်ဒုံးကျည်၊ ပဲ့ထိန်းတပ်ဒုံးကျည်နဲ့ အဝေးထိန်း ဒရုံးယာဉ်တွေ အပါအဝင် သူတို့မှာရှိတဲ့ လက်နက်မျိုးစုံနဲ့ ယူကရိန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောဆိုထားပါတယ်။

ရုရှားဘက်က ပစ်ခတ်တဲ့ ဒုံးကျည်တွေထဲက အများစုကို ယူကရိန်းက ပစ်ချနိုင်ခဲ့ကြောင်းလည်း ယူကရိန်းသမ္မတက ပြောပါတယ်။ သားဖွားဆေးရုံတခုနဲ့ ပညာရေး အဆောက်အဦးတွေ အပါအဝင် အရပ်သားတွေ သွားလာ အသုံးပြုတဲ့နေရာတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့လည်း ယူကရိန်းဘက်က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG