သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်မှုအတွက် တရုတ်အပြင်းအထန်ဝေဖန်


တရုတ်မြန်မာနယ်စပ်ဂိတ်
တရုတ်မြန်မာနယ်စပ်ဂိတ်

မြန်မာနိုင်ငံမြောက်ပိုင်း စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံအတွင်း လက်နက်ကြီးကျည် ကျပြီး တရုတ်နိုင်ငံသားတချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် အကြီးအကျယ် မကျေမနပ်ဖြစ်ရတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုပါတယ်။

တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတဲ့ အပေါ်မှာ အထူး စိတ်မကောင်း ဖြစ်ရတဲ့အကြောင်းနဲ့ မြောက်ပိုင်းဒေသ ဖြစ်ပွားနေတဲ့ ပဋိက္ခကို အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရ Wang Wenbin က ပြောဆိုသွားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အထူးအလေးအနက်ထား အကြောင်းကြားထားတဲ့အကြောင်းနဲ့ တရုတ်မြန်မာနယ်ခြား ငြိမ်းချမ်းရေးကို ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့ ကိစ္စတွေ နောက်ထပ်မဖြစ်အောင် ရှောင်ရှားဖို့ သူက တောင်းဆိုသွားပါတယ်။

တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့လိုပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း သူက ပြောသွားပါတယ်။ မြန်မာနိုင်ငံအတွင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံ Yunnan ပြည်နယ် Nansan မြို့ထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အကြောင်း တရုတ် သတင်းတွေမှာ ရေးသားဖေါ်ပြသလို တရုတ်နိုင်ငံသား အနည်းဆုံး ငါးယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ကိုးကန့်ဒေသ လောက်ကိုင်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ဖြစ်တယ်လို့လည်း ယူနန်ပြည်နယ် အရာရှိတွေက Reuters သတင်းဌာနကို အတည်ပြု ပြောဆိုပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကော်စီအကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရအောင် ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အကြောင်း ဒီဇင်ဘာလ ဒုတိပတ်အတွင်း တရုတ်နိုင်ငံက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ရှမ်းမြောက်ဒေသနဲ့ ရခိုင်ပြည်နယ်ဖက်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြန်မာစစ်တပ် စခန်းတချို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က သိမ်းပိုက်နေတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည် ကျပြီး တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းထွက်ပေါ်လာတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG