ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်နေတဲ့စစ်ပွဲအတွင်း အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်ဆိုပြီး တရားစွဲတဲ့အမှုကို နယ်သာလန်နိုင်ငံ The Hague မြို့က ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ဒီနေ့ စတင်ကြားနာပါတယ်။ ၂၀၂၃ အောက်တိုဘာ ၇ ရက်က Hamas စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပေါ် အစ္စရေးတို့ရဲ့ တုံ့ပြန်မှုအတွင်း လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တောင်အာဖရိကနိုင်ငံတရားရေးဝန်ကြီး Ronald Lamola ကတရားရုံးကို လျှောက်ထားတင်ပြခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းတွေကို အစ္စရေးတို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရာရောက်နေသလို အဲဒီလို လူမျိုးတုံးသတ်ဖြတ်မှုမြောက်နေတဲ့အခြေအနေ မဖြစ်အောင် တာဆီးကာကွယ်ခြင်း မရှိဘူးလို့ တရားလို တောင်အာဖရိကနိုင်ငံ တရားရေးဝန်ကြီးက လျှောက်ထားခဲ့ပါတယ်။ အစ္စရေးတို့ရဲ့ သတ်ဖြတ်မှုဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာမို့ ဂါဇာမှာ လုံခြုံတဲ့နေရာ မရှိတော့ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြားခဲ့တာကိုလည်း သူက တရားရုံးကို ကိုးကားပြောကြားခဲ့ပါတယ်။
ဂါဇာမှာ အစ္စရေးစစ်ဆင်နေမှုကို ချက်ချင်းရပ်ဖို့အပါအဝင် အစ္စရေးအတွက် မဖြစ်မနေလိုက်နာဖို့လိုအပ်တဲ့ ကနဦးအမိန့်တွေချမှတ်ပေးဖို့ တောင်အာဖရိကနိုင်ငံက ICJ တရားရုံးကို တောင်းဆိုထားပါတယ်။ ခုလို တောင်အာဖရိကနိုင်ငံရဲ့ တောင်းဆိုမှုတွေကို အစ္စရေးဘက်က အခြေအမြစ် မရှိဘူးလို့ ပြောဆို ပယ်ချထားပါတယ်။ အရပ်သားတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အစ္စရေးစစ်တပ်ကဆောင်ရွက်နေပြီး Hamas စစ်သွေးကြွတွေဘက်က အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုနေတယ်လို့ ဝန်ကြီးချုပ် Benjamin Netanyahu က ICJ တရားရုံးကြားနာပွဲ မစခင်တရက်အလို ဗုဒ္ဓဟူးနေ့ ညပိုင်းက ပြောကြားခဲ့ပါတယ်။