သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဂါဇာကို အပြီးအပိုင်သိမ်းပိုက်ဖို့ရည်ရွယ်ချက်မရှိ”အစ္စရေးဝန်ကြီးချုပ်


အစ္စရေးဝန်ကြီးချုပ် Netanyahu
အစ္စရေးဝန်ကြီးချုပ် Netanyahu

အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို အပြီးအပိုင်သိမ်းပိုက်ထားဖို့ ရည်ရွယ်ချက်မရှိကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇန်နဝါရီ ၁၀ ရက် (ဗုဒ္ဓဟူးနေ့) က ရုပ်မြင်သံကြား ထုတ်လွှင့်ချက်မှာ ပြောလိုက်ပါတယ်။

''အစ္စရေးရဲ့ရည်မှန်းချက်က ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ် အကြမ်းဖက်သမားတွေကိုဖယ်ရှားပြီး ဓားစာခံတွေလွတ်မြောက်ဖို့ပါ။ ဒါကို အောင်မြင်ပြီးတာနဲ့ ဂါဇာမှာ စစ်ပွဲရပ်မှာ ဖြစ်သလို အစွန်းရောက်မှုတွေလည်း ရပ်တန့်နိုင်မှာ ဖြစ်တယ်” လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းလူထုကို တိုက်ခိုက်နေတာမဟုတ်ဘဲ ဟားမတ်စ် အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတာဖြစ်ပြီး နိုင်ငံတကာဥပဒေနဲ့အညီ အပြည့်အဝလုပ်ဆောင်နေတယ်လို့လည်း အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို ကာကွယ်ပြောဆိုပါတယ်။

ဟားမတ်စ်ဘက်ကသာ အရပ်သားတွေ ထိခိုက်သေဆုံးမှုမြင့်မားအောင် ပါလက်စတိုင်းလူထုကို လူသားဒိုင်းအဖြစ်အသုံးပြုနေတယ်လို့လည်း အစ္စရေးခေါင်းဆောင်က စွပ်စွဲ ပြောဆိုပါတယ်။ အခု သီတင်းပတ်ထဲမှာ အနည်းဆုံး ဂါဇာမြောက်ပိုင်းကနေ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းသွားဖို့ စတင် ပြင်ဆင်မယ်လို့လည်း အစ္စရေးဘက်က အစောပိုင်းက ကြေညာထားပါတယ်။

အမေရိကန်ကလည်း စစ်ဆင်ရေးတွေ လျှော့ချဖို့ အစ္စရေးကို ရက်သီတင်းပတ်တွေနဲ့ချီ ဖိအားတွေပေးနေပါတယ်။ တဘက်မှာလည်း တိုက်ပွဲတွေက အရင်ကထက် ပိုပြင်းထန်လာနေပြီး အထူးသဖြင့် အရင်လကတည်းက အစ္စရေးတပ်ဖွဲ့တွေ မြေပြင်စစ်ဆင်ရေးလုပ်နေတဲ့ ဂါဇာတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေပါတယ်။

အခု ပဋိပက္ခမှာ ဟားမတ်စ်ဘက်က အောက်တိုဘာ ၇ ရက်တိုက်မှုအတွင်း အစ္စရေး ၁,၂၀၀ ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၄၀ ကို ဖမ်းခဲ့သလို အစ္စရေးရဲ့ လက်တုံ့ပြန် စစ်ဆင်ရေးတွေအတွင်းမှာ ပါလက်စတိုင်း ၂၃,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ ဖြစ်ကြောင်း ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG