သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်တွေ လျှော့ပေါ့


တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်
တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်

ပြည်ပနိုင်ငံတွေကနေ တရုတ်ပြည်ကို လာရောက်ကြမယ့် ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာနဲ့ဆိုင်တဲ့ ကန့်သတ်ချက်တချို့ကို တရုတ်အစိုးရက လျှော့ပေါ့ပေးလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ပြည်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားခဲ့တဲ့ အရှိန်ကြောင့် တိုင်းပြည်စီးပွား တိုးတက်မှု နှေးကွေးနေတာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ဖို့ လွယ်ကူအောင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်းနဲ့ဆိုင်တဲ့ ပြင်ဆင်ချက် (၅) ချက်ကို တရုတ်အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။

“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခြေအနေတွေနဲ့ လိုက်လျော ညီထွေမှုရှိအောင် လုပ်ဆောင်တဲ့အနေနဲ့၊ အထူးသဖြင့် ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေကို ဖြေလျော့ပေးနေတဲ့ ခေတ်ကာလရဲ့ တိုးတက် ပြောင်းလဲမှုတွေနဲ့အညီ ပြည်ပနိုင်ငံတွေကနေ လာရောက်ကြမယ့် ခရီးသွားတွေ ဝင်ထွက် သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောင်းလဲချက် ထုတ်ပြန်ခြင်းဖြစ်ပါတယ်” - လို့ တရုတ်အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လက်ထောက် အကြီးအကဲ Liu Haitao က ပြောသွားတာပါ။

တရုတ်နိုင်ငံမှာ စီးပွားရေးလာရောက် လုပ်ကိုင်လိုသူ၊ ဒါမှမဟုတ် မိသားစုတွေထံ လာရောက်လည်ပတ်လိုတဲ့ နိုင်ငံခြားသားတွေ အနေနဲ့လည်း ပြည်ပနိုင်ငံမှာ ရှိနေစဉ် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားဖို့ အချိန်မရှိတော့ရင် လက်ခံမယ့်သူရဲ့ ဖိတ်စာနဲ့အတူ တရုတ်နိုင်ငံထဲမှာဘဲ ဗီဇာ လျှောက်ထားလို့ ရနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားကနေ လာရောက်ကြမယ့် ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားတဲ့ ပုံစံကိုလည်း ပိုမို လွယ်ကူအောင် လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ လေယာဉ်ပြောင်းစီးဖို့အတွက် ခရီးတထောက်နားတဲ့ ခရီးသည်တွေအနေနဲ့လည်း ၂၄ နာရီ အထိ ဗီဇာမလိုဘဲ နေခွင့်ရှိမှာဖြစ်ပြီး ပြန်ဝင်ခွင့်ဗီဇာကိုလည်း တရုတ်နိုင်ငံအတွင်းမှာဘဲ လျှောက်လို့ ရနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG