သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီသူပုန် မစ်ဇိုင်းတွေကို အမေရိကန် လေကြောင်းကတိုက်ခိုက်


အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း ရီမင်နိုင်ငံ Dhamar မြို့ပေါ်မြင်ရတဲ့ ပေါက်ကွဲမှု (ဇန်နဝါရီ ၁၈၊ ၂၀၂၄)
အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း ရီမင်နိုင်ငံ Dhamar မြို့ပေါ်မြင်ရတဲ့ ပေါက်ကွဲမှု (ဇန်နဝါရီ ၁၈၊ ၂၀၂၄)

ရီမင် နိုင်ငံ အနောက်ပိုင်းမှာ ဟူသီသူပုန်တွေရဲ့ မစ်ဇိုင်းဒုံး ၁၄ ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။ ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ မစ်ဇိုင်းဒုံးတွေဖြစ်တာကြောင့်ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအပေါ် ကြီးမားတဲ့ခြိမ်းခြောက်ရန်ကို ကာကွယ်လိုက်တာဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ်ကွပ်ကဲရေးဌာနချုပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုတိုင်းကို လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် Pat Ryder ကပြောကြားခဲ့ပါတယ်။

ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်းနဲ့ Houthi သူပုန်တွေ တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် တားဆီး၊ အင်အားချည့်နဲ့သွားအောင်လုပ်ဖို့ ရည်ရွယ် တိုက်ခိုက်တာဖြစ်တယ်လို့ ပြောသွားတာဖြစ်ပါတယ်။ သူပုန်တွေရဲ့ တိုက်ခိုက်မှု မှန်သမျှကိုလည်း တနည်းနည်းနဲ့ လက်တုံ့ပြန် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရက ပြောကြားသွားတာဖြစ်ပါတယ်။

ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲသွားလာနေတဲ့ ကုန်သင်္ဘောတွေအပေါ် တိုက်ခိုက်နေတဲ့ Yemen နိုင်ငံက Houthi သူပုန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်အစိုးရက သတ်မှတ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ အီရန်အစိုးရ ထောက်ပံ့နေတဲ့ ဟူသီ အကြမ်းဖက်တွေဟာ နိုင်ငံတကာရေကြောင်း သွားလာရေးအတွက် ခြိမ်းခြောက်ရန်ပြုနေပြီး အပြစ်မဲ့သင်္ဘောသားတွေနဲ့ အမေရိကန်တွေကို ကာကွယ်နိုင်ဖို့ အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ်ကွပ်ကဲရေးဌာနအကြီးအကဲကလည်း ပြောကြားခဲ့ပါတယ်။ ပင်လယ်နီထဲ သွားလာနေတဲ့ သင်္ဘောတွေအပေါ် ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ဟူသီပစ်မှတ်တွေကို တိုက်ရိုက် တိုက်ခိုက်ခဲ့တာ အခုထိဆို ၄ ကြိမ် ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG