သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီ ဟူသီတိုက်ခိုက်မှုအကျိုးဆက် ကန်နိုင်ငံခြားရေးဝန်ကြီးသတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘင်ကန်က ဘာရိန်းနိုင်ငံ၊ မန်နာမားကနေ တဲလ်အဗစ်ကို သွားမယ့်လေဆိပ်မှာ သတင်းထောက်များနဲ့ တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘင်ကန်က ဘာရိန်းနိုင်ငံ၊ မန်နာမားကနေ တဲလ်အဗစ်ကို သွားမယ့်လေဆိပ်မှာ သတင်းထောက်များနဲ့ တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)

အရှေ့အလယ်ပိုင်းက ဂါဇာစစ်ပွဲကို တခြားဒေသတွေမှာပါ ကြီးမားကျယ်ပြန့်မသွားအောင် သံတမန်ရေးရာကြိုးပမ်းနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပင်လယ်နီထဲမှာ ယီမင်အခြေစိုက် ဟူသီ သူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေရဲ့ “အကျိုးဆက်တွေ” ကို ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။ “ဒီတိုက်ခိုက်မှုတွေကို နည်းပညာ၊ စက်ကိရိယာ၊ ထောက်လှမ်းရေး၊ သတင်းအချက်အလက်တွေ အီရန်ကကူညီပေးခဲ့ပြီး ဒါဟာ လူအမြောက်အမြားရဲ့ လက်တွေ့ဘဝတွေကို သက်ရောက်မှုတွေ ရှိနေတယ်” လို့ အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ ဝန်ကြီး ဘလင်ကန်က ဘာရိန်းနိုင်ငံ မြို့တော် မနာမာမြို့က နိုင်ငံတကာလေဆိပ်မှာ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောပါတယ်။

အင်္ဂါနေ့ကတင် ပင်လယ်နီထဲမှာ အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

“အင်္ဂါနေ့ကအတိုင်း ဒီတိုက်ခိုက်မှုတွေဆက်ရှိနေရင် အကျိုးဆက်တွေရှိလာမယ်” လို့လည်း ဘလင်ကန်က သတိပေးပါတယ်။ ဟူသီအပေါ် အကူအညီပေးနေတာတွေကို ရပ်တန့်ဖို့ အီရန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ပြီး ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ ဆိုတာကိုတော့ အသေးစိတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘာရိန်းအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ပင်လယ်နီအတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထိန်းသိမ်းထားနိုင်ဖို့ ဆန္ဒရှိနေကြောင်း ဘာရိန်းဘုရင် အာမက်ဘင်အီဆာ အယ်လ် ကာလီဖာနဲ့ ဆွေးနွေးပွဲအပြီးမှာ ဘလင်ကန်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းက ဘလင်ကန်ဟာ West Bank လို့ခေါ်တဲ့ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းဒေသမှာ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်နဲ့ တွေ့ဆုံခဲ့ပြီး အုပ်ချုပ်ဆိုင်ရာကိစ္စရပ်တွေနဲ့ ဂါဇာကမ်းမြောင်က လူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးတင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေကတော့ အစ္စရေးနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ကာ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေနဲ့ အတူ တသားတည်းရပ်တည်ကြောင်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG