သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားက စစ်ဘေးရှောင်တွေ နေထိုင် ရပ်တည်ရေး အခက်ကြုံနေရ


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ကရင်နီပြည်ခေါ် ကယားပြည်နယ်က သိန်းနဲ့ ချီတဲ့ ဒေသခံတွေဟာ တနယ်တကြေးမှာ စစ်ဘေးတိမ်းရှောင်ရင်း ဘဝရပ်တည်ရေးအတွက် နည်းမျိုးစုံနဲ့ ရှင်သန် ရပ်တည်နေကြပါတယ်။ ငွေကြေးအရင်းအနှီး အနည်းငယ်ရှိသူကတော့ စျေးဆိုင်လေးတွေ ဖွင့်ကြသလို တချို့ကတော့ ရရာ နေ့စားအလုပ် လုပ်ကိုင်ပြီး ရပ်တည်နေကြရတာပါ။ ကယားပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် မြို့တော် လွိုင်ကော်ဒေသ တချို့ကို ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်၊ လေယာဉ်နဲ့လည်း ဗုံးကြဲ တိုက်ခိုက်နေတာပါ။ ဒီလို တိုက်ခိုက်မှုဒဏ်ကြောင့် မြို့ကို စွန့်ခွာပြီး ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ဘက်ကို ခိုလှုံလာတဲ့ စစ်ပြေးဒုက္ခသည်က သုံးသောင်းထက်မနည်းရှိနေတယ်လို့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့က စစ်ရှောင်ကူညီသူတဦးက ဗွီအိုအေကို ပြောပါတယ်။

စစ်ပြေးဒုက္ခသည် အရေအတွက်လည်း တနေ့တခြား များလာနေပြီး အရင်ကလို အလှူရှင်တွေ မရှိသလောက် နည်းပါးလာသလို စားဝတ်နေရေးလည်း ကျပ်တည်းလာကြပါတယ်။ စားဝတ်နေရေး ဖြေရှင်းဖို့အတွက် စစ်ပြေးဒုက္ခသည်တွေက သူတို့ရောက်ရှိတဲ့ အရပ်ဒေသမှာ ကြုံရာနေ့စားအလုပ် လုပ်ကြတာ၊ ကုန်စုံဆိုင်တွေ ဒေသအစားအသောက်ဆိုင်တွေ စတဲ့ အသေးစားလုပ်ငန်းတွေ လုပ်ကိုင်လာကြပါတယ်။

ဆီဆိုင်မြို့နယ်ကို ခိုလှုံလာတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူရွာခံ တစ်ဦးက ငွေရေးကြေးရေး အဆင်ပြေတဲ့သူတွေက ကိုယ်ပိုင်ကုန်စုံဆိုင်တွေလို ဖွင့်လှစ်နိုင်ပေမဲ့ ငွေကြေးကျပ်တည်းတဲ့သူတွေကတော့ နေ့စားအလုပ် လိုက်လုပ်ပြီး စားဝတ်နေရေးအခြေအနေကို ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

“အဆင်ပြေတဲ့လူတွေကျတော့ သူတို့ ဒီဘက်ရောက်လာလည်း အရင်းအနှီးရှိတဲ့လူဆို ဒီကုန်စုံဆိုင်တို့ ဆက်လုပ်နေကြတယ်။ ဒါပေမယ့် အဆင်မပြေတဲ့လူအတွက်ကျတော့ နေ့စားပဲလိုက်ပြီး လုပ်စားနေတယ်။ အဲ့ဒီပွဲရုံတို့ ပြောင်းပွဲရုံမှာတို့ သွားပြီးတော့ အိတ်ဖာတာတို့ အဲ့ဒါတွေပဲလုပ်နေကြတယ်။ အိမ်ပြန်ဖို့လည်း အဆင်မပြေသေးဘူး။ အိမ်ပြန်ရရင်တောင်မှ ဘာပြန်လုပ်စားရမှန်းမသိဘူး အဲ့ဒါ ဒီမှာပဲ အလုပ်ရှိတဲ့နေရာပဲ လိုက်ပြီးနေနေတယ်။”

ဆီဆိုင်ဘက်ကို ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ပြောင်းဖူးအရောင်းအဝယ်ပွဲရုံ၊ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ ဒေသအစားအစာဆိုင်စတဲ့ အသေးစားလုပ်ငန်းတွေ လုပ်ကိုင်နေကြတာတွေ့ရတယ်လို့ ဆီဆိုင်မှာ စစ်ရှောင်ကူညီသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီမှာလုပ်နိုင်တဲ့သူကတော့ အရမ်းကြီးကြီးလည်းမဟုတ်ဘူး ပွဲရုံတောင်မှ သေးသေးလေးတွေ လုပ်ကြတာရှိတယ်။ နောက်ပြီးမှ ကုန်စုံဆိုင်လေးတွေရှိတယ် စားသောက်ဆိုင်တွေ ရှိတယ်။ အဓိက ဘယ်လိုအခြေအနေဖြစ်လဲဆိုတော့ တစ်ခေါက် သူတို့နဲ့ ကြုံတုန်း မေးကြည့်တော့ ဘာဖြစ်လဲဆိုတော့ ရေရှည်ဆို ဒီတိုင်းထိုင်စားလို့ မဖြစ်ဘူးလေ၊ ထိုင်းစားရင်ကုန်သွားမှာပေါ့တဲ့။ အရင်ကလူလည်း ကြုံဖူးပြီတဲ့။ အဲ့ဒါကြောင့် ဒီဘက်ရောက်ရင်လည်း ရရာအလုပ်တွေပေါ့၊ ရှိတဲ့ အရင်းအနှီးလေးနဲ့ စပြီးလုပ်ရအောင်ဆိုပြီး လုပ်ကြတယ်။ တောင်ကြီးမှာလည်း ရှိတယ်၊ ဆီဆိုင်ဖက်မှာလည်း ရှိတာပဲ။ ကယား အစားအသောက်ကုန်တွေ လုပ်တာလည်း ရှိတာပဲ။ ဒီအများစုကတော့ ကြုံရာ ကျပန်းလုပ်ကြတာပဲလေ။”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလလောက်ကတည်းက လွိုင်ကော်မြို့အစွန်တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစုတွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာပြီးတဲ့နောက် ဒေသခံတွေ မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ ဆီဆိုင်မြို့ဘက် ထွက်ပြေးသူတွေဟာ ဒေသအခြေအနေ နည်းနည်းပြန်ပြီး တည်ငြိမ်စပြုလာချိန်မှာ တချို့က နေရပ်ပြန်သလို ဆီဆိုင်မှာပဲ ဆက်ပြီး ခိုလှုံနေသူတွေလည်း ရှိနေတာပါ။

အဲ့ဒီနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်ကတည်းက တကျော့ပြန် ၁၁၁၁ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေ စတင်ပြီး ရက်ဆက်ဆိုသလို နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အပြင် စစ်ကောင်စီဘက် လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် လွိုင်ကော်မြို့ခံတွေရော၊ လွိုင်ကော်မြို့မှာ ခိုလှုံနေတဲ့ ဖရူဆို၊ ဒီးမော့ဆို တို့က စစ်ရှောင်တွေပါ မနေရဲကြတော့ပဲ ဆီဆိုင်မြို့အပြင် တခြားဒေသတွေမှာလည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စစ်ပြေးဒုက္ခသည်တွေဟာ သူတို့နီးစပ်ရာ ဆွေးမျိုးအိမ်တွေမှာ နေကြသလို တချို့က အိမ်ငှားနေတာအပြင်၊ တချို့က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ပြန့်ကျဲ့ နေထိုင်နေကြပြီး ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အပေါ် စားဝတ်နေရေးအတွက် နည်းမျိုးစုံဖြေရှင်း ရုန်းကန်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG