သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းမှာ စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း လူ ၄ ဦးထက်မနည်း သေဆုံး


ဒီပဲယင်းဒေသ စစ်ရှောင်ရသူများ (ဇန်နဝါရီ၊ ၂၀၂၄)
ဒီပဲယင်းဒေသ စစ်ရှောင်ရသူများ (ဇန်နဝါရီ၊ ၂၀၂၄)

စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့ ဒီပဲယင်းမြို့နယ်ထဲမှာ အရပ်သား ၃ ဦးနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦး စုစုပေါင်း ၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားပြီး ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာ ၆ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပြီး အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အတွက်လည်း စိုးရိမ်ထိတ်လန့်နေပါတယ်။ ဒီပဲယင်းမြို့နယ်ထဲက အရပ်သားတွေ သတ်ဖြတ်ခံရပြီး စစ်တပ် နယ်မြေရှင်းလင်း နေတဲ့ အခြေအနေတွေကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

ရေဦးမြို့ကနေ ထွက်လာတဲ့ စစ်တပ်ဟာ ဒီပဲယင်းမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတာ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်ဆိုရင် ၄ ရက်ရှိနေပါပြီ။ ဇန်နဝါရီ ၁၈ ရက်မှာတော့ ဒီပဲယင်းမြို့နဲ့ ၆ မိုင်ကွာဝေးတဲ့ မြို့အရှေ့ခြမ်းက လက်ယက်ကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲခဲ့တာပါ။ အဲဒီနောက် မိုင်ဝက်လောက်သာဝေးတဲ့ မဲအိုးရွာက အရပ်သား ၃ ဦးနဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦးကို မဲအိုးရွာကနေ လက်ယက်ကုန်းကျေးရွာထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“အမျိုးသား ၃ ယောက်ပေါ့နော်။ အပြင်ဘော်ဒီတွေ့တာက မီးရှို့ခံရတာ တခုပေါ့။ မဲအိုးရွာသားမှ ရပ်ကွက် တခုတည်းကခင်ဗျ။ ဖမ်းဆီးထားတဲ့ ပြည်သူတွေရှေ့မှာပဲရိုက်တာပေါ့လေ။ အဲ့မှာရိုက်ပြီးတော့ ခေါ်သွားတာပေါ့လေ။ လက်ယက်ကုန်းရွာအထိ လက်ယက်ကုန်းရွာရောက်တော့ တယောက်ကိုတော့ မီးရှို့ထားတာပေါ့။ အမျိုးသမီး အလောင်းတလောင်းကို ကျန်တာတွေကတော့ ခေါင်းဖြတ်ခြေဖြတ်နဲ့ တစစီကို ဖြစ်နေတာပေါ့။ ဘော်ဒီတွေကတော့။ ရွာသားတွေ လူ ၄-၅-၆၀ ရှေ့မှာပဲ ကြိုးတုပ် ရိုက်နှက်ပြီးတော့ ခေါ်သွားတာပေါ့။ ရွာသားတွေကိုတော့ ရွာထဲမှာပဲ ငုတ်တုပ် ထိုင်နေဆိုပြီး ပစ်ထားခဲ့တာ။”

သတ်ဖြတ်ခံရသူတွေဟာ အသက် ၄၀ ကနေ ၆၀ အရွယ်ရှိ အမျိုးသား ၃ ဦးနဲ့ အသက် ၃၀ ကျော်အရွယ်ရှိတဲ့ အမျိုးသမီး တဦးတို့ဖြစ်ပါတယ်။ သတ်ဖြတ်ခံရသူတွေရဲ့ ခြေလက်နဲ့ ဦးခေါင်းတွေကို လက်ယက်ကုန်းရွာရဲ့ နေရာ ၃ နေရာမှာ တွေ့ရှိခဲ့ရပြီး အမျိုးသမီးကိုတော့ နေအိမ်ထဲမှာ မီးရှို့သတ်ဖြတ်ထားခဲ့တာလို့လည်း ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဆီမှာ ဆက်သွယ်ရေး စကားပြောစက်တွေ တွေ့ရှိတဲ့အတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲကာ စစ်တပ်ဘက်က သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပြီး အဲ့ဒီစကားပြောစက်တွေဟာ တယ်လီဖုန်းလိုင်း မမိလို့ အသုံးပြုရတဲ့ အရပ်ဖက်သုံးစကားပြောစက်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

မနက်အစောပိုင်း မြူတွေ ကျပြီး မြင်ကွင်း မသဲကွဲချိန်မှာ စစ်တပ်က ရုတ်တရက် မဲအိုးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး သတ်ဖြတ်ခံရသူ ၄ ဦးအပြင် အရပ်သား ၇ ယောက်ကိုလည်း ဖမ်းဆီးသွားတာပါ။ အဲဒီဖမ်းဆီးခေါ်ဆောင်သွားသူတွေ အခုချိန်ထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီလိုသတ်ဖြတ်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် ဒေသခံ ၅ ထောင်နီးပါးဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်နေတာကြောင့် နေရပ်မပြန်နိုင် ဖြစ်နေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက အခုလို ပြောပြပါတယ်။

“မဲအိုး လက်ယက်ကုန်းကျေးရွာတဝိုက်က ပြည်သူတွေ တိမ်းရှောင်နေကြတယ်။ လူဦးရေက ၅ ထောင်ကျော်လောက်ရှိမယ်။ ကြောက်တာပေါ့ဗျာ ဒီလိုကြီး ရက်ရက်စက်စက် လုပ်သွားတာဆိုတော့ ထင်မထားတော့ ကြောက်သွားတာပေါ့။ ပြီးတော့ ဘာမဆိုင် ပြည်သူတွေပါသတ်တော့ နေရပ်ပြန်ဖို့ရာ တွန့်ဆုတ်ကြတာပေါ့။ ပြန်လှည့်လာပြီး လုပ်သွားမှာလား ဒီလိုကြီး ဖြစ်သွားမှာလား အဲ့လိုတော့ ပြည်သူတွေက အရမ်းစိုးရိမ်နေကြတယ်။”

လက်ယက်ကုန်းကျေးရွာကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်ကလည်း စစ်တပ်က ဝေဟင်ကကော မြေပြင်ကပါ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တဲ့အတွက် စာသင်ကျောင်းထဲမှာ စာသင်ကြားနေတဲ့ ကလေးငယ် ၆ ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပါသေးတယ်။

ပစ်ခတ်တာနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိတဲ့အတွက် ဝင်ရောက်စီးနင်းတာလို့ သတင်းထုတ်ပြန်ထားပြီး ဒေသခံကျေးရွာသားတွေကတော့ ပစ်ခတ်ချိန်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေ မရှိဘဲ အရပ်သားတွေနဲ့ ကလေးငယ်တွေသာ ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG