ပင်လယ်နီဒေသမှာ အမေရိကန် စစ်သင်္ဘောတစင်းကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ဒီကနေ့ပဲ ပြောဆိုလိုက်ပြီး၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံက သင်္ဘောတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။ အီရန်က အားပေးထောက်ခံထားတဲ့ ဟူသီသူပုန်တွေရဲ့ သင်္ဘောဖျက် ခရုဇ်မစ်ဇိုင်းဒုံးတစင်းကို အမေရိကန် စစ်သင်္ဘော USS Gravely က ပစ်ချခဲ့ကြောင်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ သူပုန်တွေရဲ့ ကြေညာချက် ထွက်လာတာပါ။ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်းလည်း အမေရိကန် စစ်တပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ကစ ပင်လယ်နီဒေသမှာ ဟူသီသူပုန်တွေရဲ့ မစ်ဇိုင်းဒုံးတွေနဲ့ အဝေးထိန်းဒရုန်း ၃၀ ကျော်နဲ့ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ရေလမ်းကြောင်းမှာ အဟန့်အတားတွေ ကြုံနေရတာပါ။ သင်္ဘောကုမ္ပဏီ တော်တော်များများဟာလည်း ပင်လယ်နီနဲ့ မြေထဲပင်လယ် ဆက်သွယ်ရာ လမ်းကြောင်းကို မသုံးကြတော့ပဲ ပိုဝေးပြီး ကုန်ကျစရိတ်ပိုများတဲ့ အာဖရိကဘက်က လမ်းကြောင်းပြောင်း သွားလာနေကြပါတယ်။ အမေရိကန်နဲ့ ဗြိတိန်ကတော့ ယီမင်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ဟူသီသူပုန်တွေရဲ့ မစ်ဇိုင်းတွေနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်နေသလို၊ သူပုန်တွေ ပစ်ခတ်တဲ့ ဒရုန်းတွေ၊ မစ်ဇိုင်းဒုံးတွေကိုလည်း ကြားဖြတ်ဟန့်တား ပစ်ချနေတာပါ။