သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီအတွင်း ဟူသီသူပုန်အဖွဲ့က ဒုံးကျည်နဲ့ ထပ်မံ တိုက်ခိုက်


ဟူသီသူပုန်များ (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)၊ ယီမင်နိုင်ငံ
ဟူသီသူပုန်များ (ဖေဖော်ဝါရီ ၇၊ ၂၀၂၄)၊ ယီမင်နိုင်ငံ

နိုင်ငံတကာ ရေလမ်းကြောင်းမှာ တိုက်ခိုက်မှုတွေ ရပ်ဖို့နဲ့ မလိုက်နာရင် နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်က သတိပေးထားပေမဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေက သူတို့ထိန်းချုပ်ရာ နယ်မြေကနေ ပင်လယ်နီနဲ့ ဧဒင်ပင်လယ်ကွေ့ကို သင်္ဘောဖျက် မစ်ဇိုင်းဒုံး ၆ ခုနဲ့ ပစ်ခတ်ခဲ့ပါတယ်။

Marshall Island မှာ မှတ်ပုံတင်ထားပြီး ဧဒင်ပင်လယ်မှာ ဖြတ်သန်းနေတဲ့ ဂရိကုန်တင်သင်္ဘော MV Star Nasia ကို မစ်ဇိုင်းဒုံးတခု ထိမှန်ရာက အနည်းငယ် ပျက်ဆီးသွားတယ်လို့လည်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက မနေ့နှောင်းပိုင်းမှာ သတင်း ထုတ်ပြန်ခဲ့တာပါ။

နောက်ထပ် မစ်ဇိုင်းဒုံးတခုကတော့ အနီးအနားရေပြင်ကို ကျရောက်ခဲ့ပြီး တတိယမြောက် မစ်ဇိုင်းဒုံးကိုတော့ အမေရိကန်တပ်ဖွဲ့တွေက ပစ်ချခဲ့ပါတယ်။ မစ်ဇိုင်းဒုံးကြောင့် ထိခိုက်ဒဏ်ရာရတဲ့သတင်း မကြားရသလို သင်္ဘောဟာလည်း ခရီးစဉ်ဆက်နိုင်ခဲ့တယ်လို့ အမေရိကန်စစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ပင်လယ်နီတောင်ပိုင်းမှာ သွားလာနေတဲ့ Barbados မှတ်ပုံတင် ဗြိတိသျှ ကုန်တင်သင်္ဘော MV Morning Tide ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံရတဲ့ မစ်ဇိုင်းဒုံး ၃ ခုကတော့ ရေထဲကျခဲ့ပြီး သင်္ဘောကို ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ဒေသတွင်း တိုက်ခိုက်မှုတွေမှာ ဟူသီသူပုန်တွေဟာ အီရန်နိုင်ငံလုပ် မစ်ဇိုင်းဒုံးနဲ့ အဝေးထိန်းဒရုန်း မျိုးစုံကို သုံးနေကြောင်း မနေ့က ထုတ်ပြန်တဲ့ ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး အစီရင်ခံစာတစောင်မှာ ဖော်ပြခဲ့တာပါ။ မနေ့အစောပိုင်းမှာပဲ ဟူသီသူပုန်တွေရဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ တခါသုံး ဒရုန်းရေယာဉ် ၂ စင်းကို ခုခံကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့ကြောင်းလည်း အမေရိကန် စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG