ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တောင်ပေါ်ဒေသက ရွှေတွင်းတခုမှာ မိုးသည်းထန် မြေပြိုရာက လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီနေ့ပဲ အတည်ပြုပါတယ်။ Mindanao ကျွန်းမှာ အင်္ဂါနေ့ညဖက် မြေပြိုမှုကြောင့် နေအိမ်တွေနဲ့ ရွှေတွင်းလုပ်သားတွေ ပို့ဆောင်ရာမှာသုံးတဲ့ ဘတ်စ်ကား ၂ စီး ပျက်စီးခဲ့ကြောင်းလည်း ဒေသခံအရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
မြေပြိုပြီး ဘတ်စ်ကားတွေထဲမှာ ပိတ်မိနေတဲ့ လူ ၂၀ လောက် အပါအဝင် ပျောက်ဆုံးနေသူ ၄၈ ယောက်ကို ရှာဖွေကယ်တင်နိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။
ဘတ်စ်ကားတွေပေါ်မှာ လူ ၂၈ ယောက် လိုက်ပါသွားခဲ့ရာမှာ ၈ ယောက်ကတော့ မြေပြိုပြီး ပိတ်မမိခင်မှာပဲ ပြတင်းပေါက်တွေကနေ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ခဲ့ကြတာပါ။ ရွှေတွင်းပိုင်ရှင် Apex Mining ကုမ္ပဏီကတော့ ဝန်ထမ်း ၆၂ ယောက် ဘေးကင်းလုံခြုံမှုရှိပြီး၊ ၄၅ ယောက် ပျောက်နေတယ်လို့ ပြောပါတယ်။
ဒေသန္တရအာဏာပိုင်တွေကတော့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေကို စေလွှတ်ထားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေပေမဲ့လည်း မြေပြိုမှုအန္တရာယ်ကြောင့် မြေတူးစက်တွေကို အသုံးမပြုနိုင်ဘဲ လူအင်အားကို အဓိကသုံးနေရတယ်လို့လည်း ပြောပါတယ်။ အလောင်း ၆ လောင်းကိုတော့ ရှာဖွေတွေ့ရှိထားပြီလို့လည်း ဒေသခံ အာဏာပိုင်တယောက်က အတည်ပြုထားပါတယ်။